ရုံးတက်ရင်ဝတ်ဆင်ဖို့ ဝတ်စုံတစ်စုံကို သူမဘာသာရွေးချယ်သတ်မှတ်ဝတ်ဆင်တဲ့ အမျိုးသမီးတစ်ဦးဟာ အလုပ်နဲ့ပတ်သက်ရင် သိသိသာသာအောင်မြင်မှုရလာပြီး ဝင်ငွေတိုးလာခဲ့တယ်လို့ဆိုပါတယ်။ အဖြူရောင်အကျီ အမည်းရောင် ဘောင်းဘီရှည်ကို လုပ်ငန်းခွင်ဝတ်စုံအဖြစ်ရွေးချယ်ပြီး စွဲစွဲမြဲမြဲဝတ်ဆင်ခဲ့တဲ့သူမက လုပ်ငန်းခွင်မှာသိသိသာသာအဆင်ပြေလာပြီး လက်ရှိမှာတော့ ရာထူးကောင်း ဝင်ငွေကောင်းတဲ့နေရာကို ရနေပါပြီ။

သူမရဲ့ နာမည်က Matilda Kahl လို့ခေါ်ပြီး Saatchi & Saatchi ကုမ္ပဏီမှာ Art Director အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူမဟာလက်ရှိမှာ အလုပ်သစ်အတွက် ဆွီဒင်ရဲ့မြို့တော် စတော့ဟုမ်းကိုပြောင်းရွှေ့လာခဲ့ပြီး အလုပ်သစ်နဲ့ပတ်သက်လို့တော့ တိတိကျကျမပြောပြသေးပါဘူး။

အလုပ်ကို ဝတ်စုံတစ်စုံတည်းဝတ်ဖို့ ဆုံးဖြတ်ချက်ချဖြစ်ပုံနဲ့ပတ်သက်ပြီးသူမက “ မနက်ဆိုရင် အလုပ်သွားဖို့ဝတ်စုံရွေးရတာ ဘယ်လောက်ခက်ခဲပင်ပန်းတယ် ၊ အချိန်ကုန်တယ်ဆိုတာ ကျွန်မသိလာရတယ်။ ပြီးတော့ အမျိုးသမီးတွေဟာ အဝတ်အစားအတွက်လည်း အများကြီးပိုက်ဆံကုန်ရတယ်။ တစ်နေ့ ရုံးမှာ အစည်းအဝေးရှိတဲ့အချိန် ကျွန်မလည်းအလုပ်နောက်ကျပြီး အမောတကောပြေးလာရတယ်။ အစည်းအဝေးခန်းထဲရောက်မှ ဆွယ်တာကို ပြောင်းပြန်ဝတ်ထားတာသတိထားမိတယ်။ စဉ်းစားကြည့်ပါ။ ကျွန်မ ဘယ်လိုမျက်နှာထားရမလဲမသိလောက်အောင်ပဲ။ အဲဒီရက်ကစပြီး ရုံးကိုဝတ်စုံတစ်စုံတည်းဝတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလိုဝတ်တော့ နည်းနည်းထူးဆန်းတယ်လို့ အထင်ခံခဲ့ရတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကဆို ကျွန်မကိုဘာသာရေးဂိုဏ်းတစ်ခုခုကလို့ ထင်နေတာ” လို့ သူမကရယ်ရယ်မောမော ပြောပြပါတယ်။ သူမရဲ့ ရုံးတက်ဝတ်စုံလေးက လွတ်လပ်ပေါ့ပါးသလို ချစ်စရာလည်းကောင်းတာတွေ့ရပါတယ်။

dress for success

အဝတ်အစားအတွက် အချိန်မကုန်ခေါင်းမစားရတော့တဲ့သူမက အလုပ်ကိုအေးအေးဆေးဆေးရောက်လာနိုင်သလို ပိုက်ဆံကုန်လည်းအတော်သက်သာသွားတယ်။ နေ့တစ်နေ့ရဲ့အစမှာပဲ ခေါင်းအေးအေးနဲ့အလုပ်လုပ်နိုင်တဲ့အတွက် အလုပ်မှာပိုအဆင်ပြေလာတယ်လို့ ထပ်လောင်းပြောပြပါတယ်။

တကယ်တော့ သူမဟာ အဝတ်အစားကြိုက်သူပါ။ မိန်းကလေးပီပီ အဆင်ဒီဇိုင်းမျိုးစုံ အရောင်အသွေးအစုံ ကြိုက်တတ်သူဖြစ်ပါတယ်။

သူမရဲ့ရုံးတက်ဝတ်စုံကို  Instagram မှာတင်ခဲ့ပြီးနောက်ပိုင်း Follower ၂၂၀၀၀ ကျော်အထိတိုးလာခဲ့ပြီး သူမကိုအားပေးချစ်ခင်သူတွေများလာခဲ့တယ်လို့ သိရပါတယ်။

ကဲ…အလုပ်က ယူနီဖောင်းချည်းပဲ ဝတ်ရလို့ဆိုပြီး စိတ်ညစ်နေတဲ့သူတွေရှိရင် စိတ်မညစ်နဲ့တော့နော်။ ပြီးတော့ ကိုယ့်အတွက်သက်သောင့်သက်သာအဖြစ်ဆုံး ဝတ်စုံတစ်စုံကို အလုပ်ယူနီဖောင်းလိုသတ်မှတ်ပြီး ဝတ်ဖို့ကိုလည်း တွန့်ဆုတ်မနေစေချင်ပါဘူး။

ဂျူဂျူး(အခရာ)

www.akhayar.com