Dreamcatcher တွေဆိုတာ အနောက်တိုင်းမှာတင်မကဘူး အာရှမှာပါ လူကြိုက်များတဲ့ပစ္စည်းတစ်ခုလို ဖြစ်နေတာပါ။ ဒီနောက်ပိုင်းမှာ Dreamcatcher တွေကို အလှပစ္စည်းလို အိမ်မှာချိတ်ထားတာ ၊ လက်ဆောင်ပေးတာတွေလုပ်လာကြတယ်။ Dreamcatcher တွေဆိုတာ လက်ဆောင်ပေးဖို့ Sovenir လိုမျိုး ဖြစ်လာပါတယ်။ Modern Dreamcatcher တွေကလည်း လူမကြိုက်ကြိုက်အောင် ပုံစံအမျိုးမျိုး ၊ အရောင်အမျိုးမျိုးနဲ့ လုပ်လာကြတာကိုး။ ဒါပေမယ့် Dreamcatcher တွေကို အရင်ဆုံးတီထွင်ခဲ့ကြတဲ့ Native American တွေအတွက်တော့ Dreamcatcher ဆိုတာဟာ ရိုးရာထုံးတမ်းတစ်ခုဖြစ်သလို ယဉ်ကျေးမှုပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်က လူမျိုးစုတချို့က ရိုးရာလုပ်ရိုးလုပ်စဉ်ပစ္စည်းတွေကိုသုံးပြီး မူရင်းလက်လုပ် Dreamcatcher တွေကို ဖန်တီးရင်း သူတို့ရဲ့နဂိုကရှိတဲ့အဓိပ္ပါယ်ကို ပြန်ဖော်ဆောင်ဖို့ ကြိုးစားနေကြပါတယ်။ Dreamcatcher တွေရဲ့နောက်ကွယ်က အဓိပ္ပါယ်ကိုထဲထဲဝင်ဝင် နားလည်မယ်ဆိုရင် သူတို့ရဲ့တန်ဖိုးကိုပိုပြီးနားလည်မယ်လို့ထင်ပါတယ်။

Dreamcatcher တို့ရဲ့သမိုင်းကြောင်း

Dreamcatcher တွေဟာ Ojibway လို့ခေါ်တဲ့ လူမျိုးစုကနေစပြီး ဖြစ်ပေါ်လာတယ်လို့ပြောကြပေမယ့် Chippewa နဲ့ Lakota လူမျိုးစုတွေမှာလည်း သူတို့လက်ခံထားတဲ့ Dreamcatcher နဲ့ ပတ်သက်တဲ့ ဇစ်မြစ်တွေရှိပါတယ်။Dreamcatcher တွေစပြီးတော့ လူကြိုက်များလာတာက ၁၉၆ဝ နဲ့ ၁၉၇ဝ ခုနှစ်တွေမှာဖြစ်ခဲ့တဲ့ Pan-Indian လှုပ်ရှားမှုကြောင့်ပေါ့။ သူတို့တွေမှာ ကွဲပြားတာတွေအများကြီးရှိပေမယ့် ပုံမှန်ဆိုရင် Dreamcatcher တစ်ခုဟာ စက်ဝိုင်းပုံစံသစ်သားဝိုင်းလေးထဲမှာ ပင့်ကူအိမ်ပုံစံနဲ့တူအောင်လို့ ချည်မျှင်လေးတွေနဲ့ ချည်ထားပြီး အလယ်မှာအပေါက်လေးတစ်ပေါက်ပါတယ်။ စက်ဝိုင်းပုံစံသစ်သားဝိုင်းလေးထဲမှာ တစ်ကြိုးနဲ့တစ်ကြိုးချည်မိတဲ့ ဆုံမှတ်လေးတွေရှိတယ်။ အဲဒီဆုံမှတ် (Points) အရေအတွက်ပေါ်မူတည်ပြီးတော့ အဓိပ္ပါယ်ကအမျိုးမျိုးကွဲသွားနိုင်ပါတယ်။

  • ဆုံမှတ် ၁၃ ခု – လရဲ့ပုံသဏ္ဍာန် ၁၃ ခု
  • ဆုံမှတ် ၈ ခု – Dreamcatcher ရာဇဝင်ထဲမှာ ပင်ကူအမျိုးသမီးရဲ့ ခြေချောင်းအရေအတွက်
  • ဆုံမှတ် ၇ ခု – ဘိုးဘေးတို့ရဲ့ ရှေ့ဖြစ်ဟော ၇ နှစ်ခု
  • ဆုံမှတ် ၆ ခု – လင်းယုန် (သို့) ရဲဝင့်ခြင်း
  • ဆုံမှတ် ၅ ခု – ကြယ် တို့ပဲဖြစ်ပါတယ်။

Dreamcatcher တွေရဲ့ စက်ဝိုင်းအောက်ခြေနားမှာ အမွှေးအတောင်တွေ ၊ ပုလဲလုံးတွေနဲ့ တိရိစ္ဆာန်အမှတ်အသားလေးတွေလည်း ထည့်ထပ်ချင်လည်း ထည့်လို့ ရတယ်။

ဒဏ္ဍာရီတွေမှာတော့ ကိုယ့်ရဲ့အိပ်ယာပေါ်မှာ Dreamcatcher ကိုချိတ်ထားမယ်ဆိုလို့ရှိရင် သူကကိုယ့်ရဲ့အိပ်မက်ဆိုးတွေကို ပင်ကူအိမ်လိုရက်ထားတဲ့ချည်မျှင်ထဲမှာ ဖမ်းချုပ်ထားပေးမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ချည်မျှင်အလယ်မှာရှိတဲ့အပေါက်လေးကနေ အိပ်မက်လှလှလေးတွေကို ဝင်ခွင့်ပေးတယ်တဲ့။ မနက်မိုးလင်းလို့ Dreamcatcher ပေါ်ကို နေရောင်ခြည်ကျတာနဲ့ တပြိုင်တည်း အိပ်မက်ဆိုးတွေက အငွေ့ပျံသွားမယ်လို့ ပြောကြတယ်။

Dreamcatcher တို့ရဲ့ ဒဏ္ဍာရီ

လူမျိုးစုတစ်စုစီမှာ ခပ်ဆင်ဆင်ဒဏ္ဍာရီတွေရှိကြပေမယ့် အနည်းနဲ့အများတော့ ကွဲပြားနေတာလေးတွေရှိကြပါတယ်။

Ojibwe ဒဏ္ဍာရီ

ဒီဇာတ်လမ်းလေးက ပင့်ကူအမျိုးသမီးက ကမ္ဘာသူကမ္ဘာသားတွေဆီကို နေလုံးကိုပြန်လည်ယူဆောင်လာပေးတဲ့အကြောင်းဖြစ်ပါတယ်။ တစ်ချိန်တုန်းက Ojibwe လူမျိုးစုက တစ်စုတစ်စည်းတည်းနေထိုင်ခဲ့ကြတယ်။ နောက်ပိုင်းမှာ Ojibwe တွေ မြောက်အမေရိကားရဲ့ အရပ်လေးမျက်နှာကို ကွဲထွက်သွားကြတဲ့အခါမှာ Asibikaashi လို့ခေါ်တဲ့ ပင့်ကူအမျိုးသမီးက Ojibwe တွေရဲ့ ကလေးတွေကို ဆက်ပြီးတော့စောင့်ရှောက်မယ်လို့ ကျိန်ဆိုခဲ့တယ်။ ဒါပေမယ့် ညတိုင်းလိုလို ကလေးတစ်ယောက်စီတိုင်းရဲ့ အိပ်ရာကိုသွားပေးဖို့က မဖြစ်နိုင်ခဲ့ဘူးပေါ့။ ဒါကြောင့်မို့လို့ Ojibwe လူမျိုးစုက အမျိုးသမီးတွေကို Dreamcatcher ဘယ်လိုလုပ်ရမယ်ဆိုတာကို Asibikaashi က သင်ပေးခဲ့တယ်။ Ojibwe အမျိုးသမီးတွေက စက်ဝိုင်းပုံသဏ္ဍာန် မှော်ပင့်ကူအိမ်တွေကိုရက်လုပ်ပြီးတော့ ကလေးပုခက်တန်းတွေမှာ တွဲလောင်းဆွဲထားခဲ့ကြတယ်။ ပင့်ကူအမျိုးသမီးက အင်းဆက်ပိုးမွှားတွေကို သူ့ရဲ့ပင့်ကူအိမ်မှာပိတ်လှောင်လိုက်သလိုပဲ အိပ်မက်ဆိုးတွေကလည်း Dreamcatcher ရဲ့ ချည်မျှင်တွေမှာ ပိတ်မိသွားကြပြီး မနက်နေရောင်ခြည်ထိတဲ့အခါမှာ ပျောက်ကွယ်သွားကြတယ်။ အမေတွေက Dreamcatcher ကွင်းရဲ့အလယ်ကနေ အမွှေးအတောင်တစ်ခုကို တွဲလောင်းချချည်တတ်ကြတယ်။ အဲဒါကအသက်ရှုခြင်း (သို့) လေကို ကိုယ်စားပြုတယ်။ပုခက်ထဲက ကလေးတွေက လေတိုက်လို့လှုပ်နေတဲ့အမွှေးလေးကိုကြည့်ရင်း ပျော်အောင်လို့ အဲလိုချည်ပေးထားတာ ဖြစ်ပါတယ်။

Chippewa ဒဏ္ဍာရီ

ဒီဒဏ္ဍာရီကတော့ ကလေးတွေအိပ်မက်ဆိုးကနေလန့်နှိုးပြီး သူတို့မျက်ဝန်းတွေထဲမှာ အိပ်မက်ထဲကအဖြစ်အပျက်တွေကို မှတ်မိနေတာမျိုးကနေ ကာကွယ်ဖို့အတွက် Dreamcatcher တွေကို လုပ်ခဲ့တာလို့ ပြောပါတယ်။ အမေတွေက ဘုရားစာတွေရွတ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အတွေးတွေကိုပဲတွေးရင်းနဲ့ သစ်သားကွင်းအဝိုင်းလေးနဲ့ ချည်မျှင်တွေကို ရက်လုပ်ကြတယ်။ နောက်ပြီးရင် သူတို့အထွတ်အမြတ်ထားတဲ့ အတောင်ပံတစ်ခုကို အလယ်မှာချိတ်ထားကြတယ်။ ဒါမှအိပ်မက်လှလှလေးတွေက အလယ်ကအတောင်ပံအတိုင်းဆင်းလာပြီးတော့ အိပ်စက်နေသူဆီကိုပျံ့နှံ့ကျဆင်းလာမယ်လို့ ယုံကြည်ကြတယ်။ ဇီးကွက်အတောင်ပံက ဥာဏ်ပညာကြီးမားခြင်းကို ကိုယ်စားပြုပြီး ဇီးကွက်တောင်ပံနဲ့ Dreamcatcher ကို မိန်းကလေးတွေရဲ့အိပ်ရာပေါ်မှာထားပေးတယ်။ လင်းယုန်အတောင်ပံက သတ္တိကိုကိုယ်စားပြုပြီး လင်ယုန်တောင်ပံနဲ့လုပ်ထားတဲ့ Dreamcatcher ကိုယောက်ျားလေးတွေရဲ့ အိပ်ယာအပေါ်မှာ ထားပေးတယ်။

Lakota ဒဏ္ဍာရီ

ဒီဒဏ္ဍာရီမှာတော့ အသက်ကြီးနေပြီဖြစ်တဲ့ Spiritual Leader Iktomi တစ်ယောက်မှာ ကြိုတင်မြင်ထားခဲ့တာတစ်ခုရှိတယ်တဲ့။ ဆရာသမားကောင်းတစ်ယောက်လည်းဖြစ်ပြီး အသွင်ပြောင်းလို့ရတဲ့ Iktomi  က ပင့်ကူတစ်ကောင်အနေနဲ့ရောက်လာခဲ့တယ်။ Iktomi က လူကြီးတွေရဲ့ မိုးမခသားနဲ့လုပ်ထားတဲ့ကွင်းကိုယူပြီး ပင့်ကူအိမ်ကိုကွင်းထဲမှာရက်ရင်း မွေးကင်းစကလေးကနေ အသက်ကြီးလာတဲ့အထိ ဘဝရဲ့သံသရာအကြောင်းကိုပြောနေခဲ့တယ်။ သူကလူကြီးတွေကိုဘာပြောလဲဆိုတော့ ကောင်းမွန်တဲ့အတွေးတွေကို နားထောင်ရင် အလုပ်မှာရှိတဲ့အားက မှန်ကန်တဲ့လမ်းကိုပို့ဆောင်ပေးလိမ့်မယ်တဲ့။ ဆိုးတဲ့အတွေးတွေကိုနားထောင်ရင်တော့ မှားတဲ့လမ်းကိုပို့ဆောင်ပေးလိမ့်မယ်တဲ့။ သူရက်ထားတဲ့ပင့်ကူအိမ်က ပြည့်စုံပေမယ့် အလယ်မှာအပေါက်တစ်ပေါက်ရှိနေတာကို လူကြီးတွေကို သူပြခဲ့တယ်။ ဘာလို့လဲဆိုတော့ ကောင်းမွန်တဲ့အတွေးတွေကို ပင့်ကူအိမ်ကဖမ်းလိုက်မှာဖြစ်ပြီးတော့ သူ့လူမျိုးစုရဲ့ အိပ်မက်တွေနဲ့အမြင်တွေကို ပျောက်ကွယ်အောင်လုပ်နေတဲ့ မကောင်းတဲ့အတွေးတွေကတော့ အလယ်ကအပေါက်ကနေ ထွက်သွားနိုင်အောင်လို့ အပေါက်ချန်ခဲ့တာပါတဲ့။

ဒီဒဏ္ဍာရီသုံးခုလုံးမှာ သူ့ဇာတ်လမ်းနဲ့သူကွဲပြားနေတာလေးတွေရှိပေမယ့် ယေဘုယျတူတဲ့အချက်က မကောင်းတဲ့အရာတွေကို ဖမ်းဆီးထားနိုင်တဲ့ Dreamcatcher ရဲ့ အာနိသင်ပါပဲ။ စာဖတ်ပရိသတ်တွေက ဒီလိုကိစ္စမျိုးတွေကို အယုံအကြည်ရှိလား မရှိဘူးလားဆိုတာကိုတော့ ကိုယ်လည်းမသိပါဘူး။ ဒါပေမယ့် ဒဏ္ဍာရီတွေဆိုတာ တစ်ချိန်က အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အရာတွေဆိုတာကိုတော့ လူတော်တော်များများက လက်ခံထားကြပါတယ်။ ဒါကြောင့်တစ်စုံတစ်ယောက်ကို Dreamcatcher ပေးမယ်ဆိုရင် သူ့ရဲ့အဓိပ္ပါယ်ကို သိပြီးပေးတာက ပိုကောင်းမယ်ထင်လို့ အားလုံးသိရအောင် မျှဝေပေးလိုက်တာဖြစ်ပါတယ်။

Photo Credit: Simon Fraser University/ Whispering Winds Shop

Source: Wonderopolis / Hrexach / EverydayHealth

Piki (Akhayar)

www.akhayar.com