၂၀၁၉-၂၀ ပရီးမီးယားလိဂ်ရာသီက သြဂုတ်လ(၉)ရက်မှာ စတင်ခဲ့ပြီး အခုမှ ပွဲစဉ်(၄)ပဲရှိပါသေးတယ်။ ဒါပေမဲ့ ပွဲစဉ်(၄)အပြီးမှာပဲ ဒီရာသီပရီးမီးယားလိဂ်က မနှစ်ကလိုပဲ လီဗာပူးလ်၊ မန်စီးတီးနှစ်သင်းပဲ ချန်ပီယံဆုဖလားကို အပြိုင်လုရတော့မလားဆိုပြီး မေးခွန်းထုတ်ရတော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပွဲစဉ်(၄)ကစားပြီးချိန်မှာ အမှတ်ပေးဇယား ထိပ်ဆုံး(၂)နေရာကို လီဗာပူးလ်၊ မန်စီးတီးပဲ ဦးဆောင်နေတာဖြစ်ပြီး တခြားထိပ်သီး(၄)သင်းကိုလည်း အမှတ်တွေဖြတ်ထားနိုင်ခဲ့လို့ဖြစ်ပါတယ်။ အခုမှ ရာသီအစပဲရှိသေးလို့ ခန့်မှန်းရစောနေပေမယ့်လည်း Big (6)စာရင်းဝင် တခြားအသင်းတွေက တစ်ပတ်နဲ့တစ်ပတ် မရိုးအောင် ရလဒ်တွေ ဆိုးရွားနေလို့ လီဗာပူးလ်၊ မန်စီးတီးတို့ကို လိုက်မီဖို့က တဖြည်းဖြည်း ခက်ခဲလာပါပြီ။

အခုလောလောဆယ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို လီဗာပူးလ်အသင်းက (၁၂)မှတ်နဲ့ ဦးဆောင်နေပြီး မန်စီးတီးအသင်းကတော့ (၁၀)မှတ်နဲ့ ဖိအားပေးနေပါတယ်။ ပွဲစဉ်(၄)အပြီး ထိပ်ဆုံး(၆)နေရာ ရပ်တည်မှုကို ကြည့်ရင် Big (6)အသင်းထဲက လီဗာပူးလ်၊ မန်စီးတီးအပြင် အာဆင်နယ်တစ်သင်းသာ ပါဝင်နေပြီး ကျန်တဲ့နေရာတွေမှာ လက်စတာ(၃)၊ ပဲလေ့စ်(၄)၊ အဲဗာတန် (၆)တို့ ရှိနေတာက အံ့အားသင့်စရာပါပဲ။ ဒီလိုအသင်းတွေ ရာသီအစပိုင်းဖြစ်လို့ အခုလို အဆင့်မျိုးရပ်တည်နေတာလို့ ပြောနိုင်ပေမယ့် ထိပ်သီး(၆)သင်းကစားခဲ့တဲ့ ပွဲစဉ်တွေအရ ဒါက မဖြစ်သင့်ဘူးလို့ပြောရမယ်။ လီဗာပူးလ်အသင်းက အာဆင်နယ်နဲ့ပွဲကျပ်ကို ကျော်ဖြတ်ခဲ့ပြီး မန်စီးတီးက စပါးနဲ့ပွဲကျပ်မှာ သရေကျခဲ့တယ်။ ကံဆိုးတာက အာဆင်နယ်ဖြစ်ပြီး လီဗာပူးလ်၊ စပါးတို့နဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားခဲ့ရသလို အဲဒီ(၂)ပွဲမှာ (၁)မှတ်ပဲ ရယူနိုင်ခဲ့တယ်။


(Akhayar Sports မှ ဖော်ပြခဲ့တဲ့ ဘောလုံးသတင်းဆောင်းပါးတွေကို Dagon Beer မှ ကူညီပံ့ပိုးပေးထားပါသည်)

မန်ယူ၊ ချယ်လ်ဆီး၊ စပါးအသင်းတို့ကတော့ အရမ်းကြီးပွဲမကျပ်ပေမယ့် သာမန်အသင်းတွေနဲ့ဆုံတွေ့တဲ့ပွဲမှာ စိတ်ပျက်စရာရလဒ်တွေ ပိုင်ဆိုင်ခဲ့တာကြောင့် ထိပ်ဆုံးက နှစ်သင်းနဲ့ အမှတ်တွေ ပြတ်သွားခဲ့တာပါ။ မန်ယူအသင်းဟာ ရာသီအဖွင့်ပွဲမှာ ချယ်လ်ဆီးကို အနိုင်ရခဲ့ပေမယ့် ၀ုလ်ဗ်၊ ပဲလေ့စ်၊ ဆောက်သမ်တန်တို့နဲ့ပွဲမှာ ဆက်တိုက်နိုင်ပွဲပျောက်ခဲ့ပြီး ဖြစ်နိုင်ခြေရှိတဲ့ (၁၂)မှတ်ထဲက (၅)မှတ်သာ ရယူနိုင်ခဲ့တယ်။

လန်ဒန်နှစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ စပါးတို့ရဲ့အနေအထားကလည်း သိပ်မကွာပါဘူး။ စပါးအသင်းက မန်စီးတီး၊ အာဆင်နယ်တို့ကို အဝေးကွင်းမှာ သရေကျခဲ့တာက သိပ်မဆိုးဘူးလို့ ပြောလို့ရပေမယ့် နယူးကာဆယ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာက စိတ်ပျက်စရာပါပဲ။ စပါးအသင်းဟာ ဖြစ်နိုင်ခြေရှိတဲ့ (၁၂)မှတ်မှာ (၅)မှတ်ပဲ ရယူနိုင်ခဲ့တာကြောင့် အခုဆို ထိပ်ဆုံးက လီဗာပူးလ်နဲ့ (၇)မှတ်ပြတ်သွားပါပြီ။ နည်းပြသစ် လမ်းပတ် Frank Lampard လက်ထက်မှာ ရုန်းကန်နေရတဲ့ ချယ်လ်ဆီးအသင်းကလည်း အဖိုးတန်အမှတ်တွေကို လွှင့်ပစ်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ (၂)ဂိုးပြတ်ဦးဆောင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရတယ်။

ပွဲစဉ်(၄)အပြီးမှာ အာဆင်နယ်က လီဗာပူးလ်နဲ့ (၅)မှတ်၊ မန်စီးတီးနဲ့ (၃)မှတ် ကွာနေပြီဖြစ်သလို၊ မန်ယူ၊ စပါး၊ ချယ်လ်ဆီးတို့ကတော့ လီဗာပူးလ်နဲ့ (၇)မှတ်၊ မန်စီးတီးနဲ့ (၅)မှတ်ပြတ်နေပါပြီ။ ရာသီအစပိုင်းပဲရှိသေးတယ်ဆိုတဲ့ ဆင်ခြေက သိပ်ပြီး အရေးမပါပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီဗာပူးလ်၊ မန်စီးတီးတို့လို တခြားထိပ်သီးအသင်းတွေက Stable မဖြစ်တဲ့အပြင် ဥရောပပြိုင်ပွဲတွေဝင်လာရင် ဒီထက်ပိုဆိုးမယ့် အခြေအနေရှိနေလို့ပါပဲ။ ဥရောပပြိုင်ပွဲတွေ မစခင် ပြည်တွင်းလိဂ်မှာ လိုအပ်တဲ့အမှတ်တွေ ရယူထားသင့်ပေမယ့် ထိပ်သီး(၄)သင်းစလုံး အပြိုင်အဆိုင် အမှတ်တွေဖြုန်းတီးနေကြသလားတောင် ထင်ရပါတယ်။ သေချာတာကတော့ ဒီရာသီမှာလည်း လီဗာပူးလ်၊ မန်စီးတီးကို ကျော်ဖြတ်နိုင်မယ့်အသင်း ပေါ်လာဖို့ မရှိသေးဘူးဆိုတာပါပဲ။ ဒါကြောင့် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲဟာ စောစောစီးစီးပဲ နှစ်ကောင်တည်းပြေးတဲ့ ပြိုင်ပွဲတစ်ခုဖြစ်လာမလားဆိုတာကတော့ . . .

Photo:Liverpool Facebook, Manchester City Facebook,Arsenal Facebook,
Tottenham Hotspur Facebook,Manchester United Facebook,Chelsea Facebook,Soccerway
Naing Linn(Akhayar)
www.akhayar.com