ဆရာဆိုတာ သူ့ဘဝကို ရေစစ်လိုသဘောထားပြီး တပည့်တွေရဲ့ အနယ်အနှစ်တွေကို ရင်ဘတ်နဲ့ခံပြီး ကြည်လင်အေးမြစေတာပါ။ တကယ်တော့ ဆရာဆိုတာ အင်ဂျင်နီယာပါပဲ။ တပည့်တွေရဲ့ ပညာရေးအုတ်မြစ်ကို ခိုင်မာအောင် ချပေးရတဲ့ပညာရှင်ပေါ့။ တကယ်တော့ ဆရာဆိုတာ ဆရာဝန်ပါပဲ။ တပည့်တွေရဲ့ စိတ်ဓာတ်တွေ ကြံ့ခိုင်အောင် ခွန်အားတွေ မွေးဖွားပေးရတယ်လေ။ တကယ်တော့ ဆရာဆိုတာ တိုင်းပြည်ရဲ့ခေါင်းဆောင်ပါပဲ။ ခေတ်ကြီးတစ်ခုလုံးကို ပြောင်းလဲပေးနိုင်တာ ဆရာများပါပဲ။

လူတွေက ဆရာ ၊ ဆရာမတွေကို အပြစ်တင်တဲ့စကားလုံးတွေ ကြားလိုက်ရတော့ စိတ်မကောင်းလိုက်တာ။ စာသင်သွားရင်း ရေနစ်သေတဲ့ ဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို ဘယ်နားမှာသွားထားမလဲ။ မြေဖြူနဲ့ တစ်ချိန်လုံး စာသင်နေရတဲ့အတွက် ကင်ဆာဖြစ်ပြီး သေတဲ့ ဆရာတွေရဲ့ ဂုဏ်ကျေးဇူး ဘယ်နားမှာသွားထားမလဲ။ တကယ်တော့ ဆရာတွေဆိုတာ ကိုယ့်အတွက် အသီးလည်းမရ ၊ အရိပ်လည်းမပေးတဲ့အပင်တွေကို ပေါင်းသင်ပျိုးနှုတ်ရေလောင်းပေးနေရတဲ့ ဥယျာဉ်မှူးကြီးတွေပါပဲ။

You May Like : “စာမေးပွဲ” ဆိုတာ ဒါလေးပဲလား လို့ ပြောနိုင်အောင်

တကယ်တော့ ဆရာတွေဆိုတာ သစ်ပင်ကြီးလိုပါပဲ။ အရိပ်တစ်ခုအနေနဲ့ တပည့်တွေ ခိုနားကြတယ်။ အချိန်တန်တော့လည်း သူ့နေရာသူ သွားကြမှာပါ။ လာသမျှတပည့်တွေကို အရိပ်ပေးနေပေမယ့် နောက်ဆုံးကျန်ခဲ့တာ ဆရာတွေပါပဲ။ ဆရာတွေဆိုတာ ဇာတ်သဘင်စကားနဲ့ပြောရရင် ပိတ်ကားနောက်ကွယ်က ဆိုင်းဆရာနဲ့တူပါတယ်။ တပည့်တွေဆိုတာက ပရိသတ်တွေကို ဖျော်ဖြေရတဲ့မင်းသားတွေနဲ့ တူပါတယ်။ မင်းသားတွေ ကကြိုးကကွက်စုံလင်အောင် နောက်ကွယ်ကနေ တီးခတ်ပေးရပေမယ့် တကယ်တမ်းနံမည်ကြီးတာကတော့ ဇာတ်မင်းသားတွေပါပဲ။

ငွေနံ့ကို ရှုချင်ပေမယ့်လည်း ပီတိတွေကို နမ်းရှိုက်ပြီး ခေတ်ကြီးတစ်ခုလုံးကို မောင်းနှင် ၊ တိုးတက်နေတဲ့ တိုင်းပြည်တွေကို အမီလိုက်ဖို့ တပည့်တွေကို “ကကြီးခကွေး” သင်ပေးနေတာ ဆရာတွေပါပဲ။ ဆရာတွေဆိုတာ တပည့်များမှ အားရှိတာပါ။ ကျောင်းသားတွေ မလာလို့ ပျော်နေတဲ့ဆရာ လောကမှာ မရှိပါဘူးရှင်။ ဆရာတွေဆိုတာ တပည့်တွေ ထူးချွန်မှ ပျော်တတ်တာပါ။ တပည့်တွေ အလုပ်ကြမ်းလုပ်နေရရင် ဆရာတိုင်း ဝမ်းနည်းမိပါတယ်။

ဆရာတွေ အရမ်းကြိုက်တဲ့ စကားတစ်ခွန်းရှိပါတယ်။ “ ဆရာထက် တပည့်လက်စောင်းထက်” တဲ့။ ကိုယ့်တပည့်တွေ ကိုယ့်ထက် အစစအရာရာအောင်မြင်သွားရင် ပီတိဖြစ်ရတဲ့ခံစားမှုမျိုး ဆရာတွေသာ ရနိုင်တာပါ။ ဆရာ ၊ ဆရာမတွေကို လူတွေ မြင်တာက အဖြူအစိမ်းဝတ်တဲ့ အမွန်မြတ်ဆုံးပဲ့ကိုင်ရှင်တဲ့လေ။

အခက်အခဲ၊ အကြပ်အတည်းမျိုးစုံကို ရင်ဆိုင်အံတုရင်း ကျောင်းတံခါးဝကို ဝင်လိုက်တော့
“ဆရာမလေး လာနေပြီ၊ ဆရာမလေး လာနေပြီ ဟေ့” တဲ့။  တပည့်တွေရဲ့အသံကြောင့် အမောတွေပျောက်ပြီး မြေဖြူတစ်ချောင်းနဲ့ ပန်းပျိုးတော့မယ်ရှင်။ စာမေးပွဲကြီး နီးလာပြီနော်။ တပည့်လေးတွေရေ . . . မင်းတို့တွေ အမြင့်တက်ဖို့ ဆရာမခေါင်းကို နင်းလိုက်ပါနော် ။ လုံးဝအားမနာပါနဲ့ ။ ဒါပေမယ့် အနိမ့်ဆင်းဖို့ဆိုရင် ဆရာမခြေဖျားလေးတောင် မထိပါစေနဲ့ကွယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com