Samsung ရဲ့ Foldable Phone ဖြစ်တဲ့ Galaxy Fold စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ဧပြီလထဲက Display ပိုင်း ပြဿနာတွေကြုံတွေ့ခဲ့ရပြီးတော့ ရောင်းချမယ့်အချိန်ကို ရွေ့ဆိုင်းထားတာအခုအချိန်အထိပဲဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့လည်း Samsung ဘက်ကနေ ဒီ Galaxy Fold ကို ပြန်လည်ရောင်းချမယ့်အချိန်ကို မပြောနိုင်သေးပေမယ့် Samsung CEO ကနေ ဒီကိစ္စနဲ့ ပတ်သတ်ပြီးဝန်ခံချက်တစ်ခုကို ပြောကြားခဲ့ပါတယ်။

ဒါကတော့ လက်ရှိ Samsung ရဲ့ CEO DJ Koh ကနေ Galaxy Fold ကို အဆင်သင့်မဖြစ်သေးခင်မှာတင် ဈေးကွက်ထဲကို ရောင်းချနိုင်ဖို့ တွန်းအားပေးခဲ့တယ်လို့ ပြောကြားလိုက်တာပါ။ ဒါပေမယ့် ဖြစ်လာတဲ့အကျိုးဆက်က ရှက်ဖို့ကောင်းတယ်လို့လည်း ထပ်ပြောကြားခဲ့ပါသေးတယ်။ အခုသတင်းကို သတင်းသမားအနည်းငယ်ကိုပဲ DJ Koh က ဝန်ခံသွားခဲ့တာဖြစ်ပါတယ်။

Samsung Galaxy Fold စမတ်ဖုန်းဟာ လက်ရှိမှာ မိတ်ဆက်ထားတဲ့ Foldable Phone ၂ မျိုးထဲက အရင်ဆုံးရောင်းချဖို့ စီစဉ်ထားတာဖြစ်ပြီး သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Huawei Mate X ဟာလည်း အစောပိုင်းတုန်းက ဇွန်လမှာ ရောင်းချဖို့ထုတ်ပြန်ခဲ့ပေမယ့် အခုလည်း စက်တင်ဘာလကို ရွေ့ဆိုင်းသွားခဲ့တာပါ။ အဲ့ဒါကြောင့် Samsung အတွက် စက်တင်ဘာမတိုင်ခင်အထိ Foldable Phone ကို ပထမဆုံးရောင်းချဖို့ အခွင့်အရေးရှိနေသေးတာဖြစ်ပါတယ်။

Smasung ရဲ့ CEO DJ Koh ကတော့ လက်ရှိအချိန်မှာ Samsung ကနေ Galaxy Fold နဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပြီးသွားပြီဖြစ်ပြီးတော့ အလားတူပြဿနာမျိုးနဲ့ ထပ်မကြုံရအောင် Devices ပေါင်း ၂၀၀၀ ခန့်ကို စတင်စမ်းသပ်နေပြီလို့ ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် ရောင်းချမယ့်အချိန်ကိုတော့ နောက်အချိန်အနည်းငယ်ကြာမှ ကြေညာသွားနိုင်မယ်လို့ သိရပါတယ်။

Ref : The Verge