နိုးတာနဲ့ ထဖို့ခက်နေတဲ့ ကိုကို၊မမ တွေရှိကြသလား

မနက်ခင်းအိပ်ရာကနေနိုးရင် ထဖို့ပျင်းနေတတ်တာက လူတော်တော်များများရဲ့ သဘာဝပါ။ လူနိုးသာနိုးနေတာ အိပ်ရာပေါ်ကတော့ မဆင်းချင်ဘူးရယ်။ ဟိုဖက်ကွေးလောက်၊ ဒီဖက်ကွေးလိုက်နဲ့ တော်တော်နဲ့မထဖြစ်တော့ ဘူး။ ကိုယ့်အကြောင်းကိုယ်သိတဲ့သူတွေက ဖုန်းနဲ့ Alarm ပေးရင် 7:00 , 7:05, 7:10 ဆိုပြီးပေးတတ်ကြတယ် ဟုတ်။ တကယ်တမ်းအပျင်းကြီးပြီးဆိုရင် Alarm လည်းပိတ်ပြီးပြန်အိပ်တာပါပဲ။ မိုးရာသီကလည်း မကြာခင် ရောက်လာတော့မှာဆိုတော့ အိပ်ပုပ်ကလေးတွေအတွက်ကတော့ ထဖို့ခက်နေဦးမှာပါပဲ။ အိပ်ပုပ်လေးတွေ ထဖို့မပျင်းအောင်လုပ်လို့ ရတဲ့နည်းလမ်းတွေ ရှိပါသတဲ့ဗျာ။ အခုပြောမယ့်ဟာ ညနက်အိပ်လို့ မနက်မနိုးတာတို့၊ အစောကြီးမထဖြစ်တာတို့ဆိုတဲ့ လူတွေအတွက်တော့ မဟုတ်ဘူးနော်။ နိုးနိုးချင်း အိပ်ရာကနေ မထဘဲ ပြန်ကွေးနေချင်တဲ့ အိပ်ပုပ်ကလေးတွေအတွက် ပြောတာပါ။

မနက်နိုးတာနဲ့ ထဖြစ်အောင်ဆိုရင် ညကတည်းက ကြိုတင်ပြင်ဆင်ရမယ့်ဟာတစ်ခုရှိပါတယ်။ ဒါက နည်းနည်းအူကြောင်ကြောင်နိုင်တယ်ဆိုပေမယ့် လက်တွေ့သုံးတဲ့နေရာမှာတော့ မဆိုးပါဘူး။ ညမအိပ်ခင် ခေါင်းအုံးကိုကြည့်ပြီး “ငါမနက်နိုးတာနဲ့ ထရမယ်” လို့ ၁၀ ခါလောက်ပြောကြည့်ပါ။ ဒီလိုလုပ်တာကို စိတ်ပညာအရ Auto Suggestion လုပ်တာလို့ခေါ်ပါတယ်။ ကိုယ့်ရဲ့စိတ်ပါဝါနည်းနေသေးတယ်ဆိုရင်တော့ တစ်ခါတည်းနဲ့ မအောင်မြင်နိုင်ပါဘူး။ သုံး၊ လေးည ဆိုရင်တော့ သိသာပါတယ။် နောက်ထပ်ဂရုစိုက်ရမှာက မနက်နိုးပြီဆိုတာနဲ့ မျက်လုံးကို ပြန်မှိတ်ဖို့မကြိုးစားပါနဲ့တော့။ မျက်လုံးကိုပြူးထားပါ။ ဖက်လုံးဖက်အိပ်တတ်တဲ့သူဆိုရင်လည်း ဖက်လုံးကို ကန်ထုတ်ပစ်ပါ။ ဖက်လုံးမရှိတော့ရင် ဟာတာတာနဲ့ ဆက်အိပ်ဖို့နည်းနည်းခက်သွားပါလိမ့်မယ်။ ပြီးတာနဲ့ တန်းပြီးထထိုင်ပါ။ မျက်နှာကို တန်းပြီးသွားသစ်နိုင်ရင်တော့ အောင်မြင်ပြီလို့ပြောလို့ ရပါပြီ။

ဒီနေရာမှာ ဟားဗတ်တက္ကသိုလ်က စိတ်ပညာရှင်တွေ သုတေသနလုပ်ပြီးပြောထားတဲ့အကြောင်းလေးတစ်ခုကို ကြားဖတ်ပြီး ပြောချင်ပါတယ်။ Business Insider မှာလည်း ဗီဒီယိုအတိုလေးနဲ့ ရှင်းပြပေးထားပါတယ်။ သူတို့အကြံပေးထားတာက အိပ်ရာကထထချင်း ခြေထောက်နဲ့ ကြမ်းပြင်မထိခင် အပျင်းဆန့်ပေးသင့်ပါတယ်တဲ့။ ဆန့်တာကမှာ အောင်မြင်တဲ့သူတွေ လက်သီးလက်မောင်းတန်းပြီး ဆန့်သလို လက်နှစ်ဖက်လုံးကို ခေါင်းရဲ့အပေါ်ဖက်ကို ဆန့်တန်းပြီးတော့ တစ်ကိုယ်လုံးရဲ့အကြောအခြင်တွေကို ဆန့်ထုတ်ပစ်ရမှာပါ။ အဲ့ဒီလိုဆန့်ထုတ်မယ်ဆိုရင် တစ်နေ့တာလုံး ယုံကြည်ချက်ရှိရှိနဲ့ ပိုပြီးအလုပ်လုပ်နိုင်ပါမယ်တဲ့။ သူတို့ရဲ့ အကြံပေးချက်ကလည်း အအိပ်မက်တဲ့သူတွေအတွက် တကယ့်ကို တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပါပဲ။ စဉ်းစားကြည့်လေ။ ကွေးနေမှပဲ ဆက်ပြီးအိပ်ချင်တာမဟုတ်လား။ ဆန့်နေရင်တော့ ဘယ်သူကဆက်အိပ်ချင်တော့မှာလဲ။

ဒီနည်းက ယောကျာ်းလေး၊ မိန်းကလေး မရွေးပဲ သုံးလို့ရပါတယ်။ Morning Erection ရှိတတ်တဲ့ ညီအစ်ကိုတွေကတော့ ချက်ချင်းကြီးထဖို့ ခက်မှာပေါ့ဗျာ။ အိပ်ပုပ်ကလေးတွေ နိုးတာနဲ့ ထနိုင်ကြပါစေ။

မင်းသုခ (အခရာ)

www.akhayar.com