ကြီးပွားချမ်းသာတဲ့လူအများစုဟာ ကိုယ်ပိုင်လုပ်ငန်းသေးသေးလေးတွေကနေစခဲ့တာပါ။ ကိုယ်ပိုင်အလုပ်လုပ်ချင်ပေမယ့် အရင်းအနှီးမနိုင်လို့ဆိုတဲ့စကားက လူတော်တော်များများဆီကကြားရပါတယ်။ ဒါပေမယ့် အခုလိုဒစ်ဂျစ်တယ်ခေတ်မှာတော့ ငွေကြေးအနည်းငယ်နဲ့စလုပ်လို့ရတဲ့ အလုပ်တွေရှိပါတယ်။ ဒီအလုပ်တွေက ယောက်ျား၊မိန်းမ မရွေးလုပ်ကိုင်နိုင်တဲ့အပြင် အလွယ်တကူစတင်နိုင်တဲ့လုပ်ငန်းတွေပါ။ အဲ့ဒါတွေကတော့…

(၁) အနုပညာနှင့်လက်မှုပစ္စည်းများ ဖန်တီးရောင်းချခြင်း

အွန်လိုင်းပေါ်မှာ Hand-Made ပစ္စည်းလေးတွေ ရောင်းချတဲ့လုပ်ငန်းမျိုးပါ။ Hand-Made ဆိုတာက ပန်းချီကား၊ ဓါတ်ပုံ၊ ပို့စ်စကပ်လေးတွေလုပ်တာ အကုန်ပါပါတယ်။ ကိုယ်တတ်ကျွမ်းတဲ့အနုပညာနဲ့ ဖန်တီးထားတာတွေကို ပြန်ရောင်းချတာပါ။ လောလောဆယ်မြန်မာနိုင်ငံမှာတော့ အွန်လိုင်းရှော့ပင်းပုံစံနဲ့ Facebook Page လေးလုပ်ပြီး ရောင်းလို့ရပါတယ်။ မိတ်များဖို့တော့ လိုတာပေါ့နော်။

(၂) အိမ်တွင်းဝန်ဆောင်မှုများ

အခကြေးငွေယူပြီး ကလေးထိန်းပေးတာ၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို သန့်ရှင်းရေးလုပ်ပေးတာ၊ မူကြိုအရွယ်ကလေးတွေကို စာသင်ပေးတာမျိုးက အရင်းအနှီးအများကြီးမလိုပါဘူး။ ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အချိတ်အဆက်နဲ့တင် စတင်လို့ရပါတယ်။

(၃) ပြုပြင်ခြင်းနှင့်ဆက်စပ်သောအလုပ်များ

ဒါကတော့ ကိုယ်ကျွမ်းကျင်တဲ့ပညာရပ်ကိုအသုံးချရမှာပါ။ ကွန်ပြူတာကျွမ်းကျင်တဲ့သူဆိုရင် ဝင်းဒိုးတင်ပေးတာ၊ဆော့ဝဲလ်သွင်းပေးတာတွေလုပ်နိုင်သလို ဖုန်းဆိုရင်လည်း Root ဖောက်ပေးတာတို့၊ Firmware Update လုပ်ပေးတာမျိုးပေါ့။ Aircon ကျွမ်းကျင်တဲ့သူဆိုရင် ဆားဗစ်လုပ်ပေးတာတို့မျိုးလုပ်နိုင်ပါတယ်။ အခြားအများကြီးရှိသေးတာမို့ ကိုယ်ကျွမ်းကျင်တာနဲ့ဆက်စပ်တာတွေကို အသုံးချကြည့်ပါခင်ဗျာ။

(၄) သင်ကြားရေး

မူကြိုအရွယ်ကလေးငယ်လေးတွေကို စာသင်ပေးရတာမျိုးကလွယ်ကူပါတယ်။ ကိုယ်နိုင်ရင်နိုင်သလောက်မူလတန်း၊ အလယ်တန်း၊ အထက်တန်းအရွယ်တွေကို အားလပ်ချိန်တွေမှာ အခကြေးငွေယူပြီး သင်ကြားပေးနိုင်ပါတယ်။ ဂီတပညာတတ်ကျွမ်းတဲ့သူတွေဆိုရင်လည်း ဂီတာ၊ တယော၊ ပီယာနိုတို့ကို အိမ်လိုက်သင်ပေးတာမျိုးလုပ်နိုင်ပါတယ်။ ကွန်ပြူတာသမားဆိုရင်တော့ သင်ပေးနိုင်တဲ့ အမျိုးအစားတွေပိုတောင်များပါသေးတယ်။

(၅) တစ်ဆင့်ပြန်လည်ရောင်းချခြင်း

ဒါကတော့ အခု Facebook ပေါ်က အွန်လိုင်းရှော့ပင်းပုံစံမျိုးပါ။ ဒါပေမယ့် အွန်လိုင်းရှော့ပင်းတွေရဲ့သုံးပုံတစ်ပုံက နှစ်ဆင့်ခံ၊သုံးဆင့်ခံ ယူပြီးပြန်ရောင်းနေရတာမို့ အကျိုးအမြတ်နည်းပါတယ်။ ဆိုလိုတာက စက်ရုံ (ဒါမှမဟုတ်) လက်ကားအရောင်းဆိုင်ကြီးတွေကနေ တိုက်ရိုက်ယူပြီး ရောင်းချစေချင်တာပါ။ ကိုယ့်ရဲ့ဖောက်သည်တွေဆီကနေ pre-order ရနို်င်ရင်တော့ ပစ္စည်းတွေပိုက်မမိနေတော့ဘူးပေါ့။ Marketing ကျွမ်းကျင်ဖို့တော့လိုပါတယ်။

ကြီးပွားတိုးတက်သောသူများဖြစ်ကြပါစေ။

မင်းသုခ (အခရာ)

Photo Credit:Pexels

www.akhayar.com