အောင်မြင်မှုအတွက် ကမ္ဘာကျော်ကြားပုဂ္ဂိုလ်များရဲ့ တူညီတဲ့ပြောစကားများ

စာရေးသူ Gillian Zoe Segal ကသူ့ရဲ့စာအုပ်သစ် Getting There: A Book of Mentors အတွက်သက်ရှိထင်ရှားရှိနေဆဲ အောင်မြင်နေသူတွေ (ဥပမာ- သူဌေးကြီး Warren Buffett နဲ့ Michael Bloomberg ၊ နာမည်ကြီး ရုပ်သံသတင်းထောက် Anderson Cooper ၊ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး Sara Blakely ၊ အနုပညာရှင်ကြီး Jeff Koons ၊ မော်ဒယ်လ်နဲ့သရုပ်ဆောင် ၊ စာရေးဆရာနဲ့ စီးပွားရေးလုပ်ငန်းရှင် Kathy Ireland ၊ CBS Corporation ရဲ့ CEO Les Moonves)နဲ့ အင်တာဗျူးတွေလုပ်ဖြစ်ခဲ့ပါတယ်။ ၅ နှစ်ကြာအချိန်ပေးပြီး အင်တာဗျူးတွေလုပ်ခဲ့ချိန်မှာ သူတို့အဖြေစကားတွေထဲက တူညီတဲ့အချက်တွေကိုတွေ့ရှိခဲ့ရပါတယ်။ သူတို့ပြောပြတဲ့ အတွေ့အကြုံတွေ အကြံပြုစကားတွေထဲက တူညီတဲ့အချက်တွေက ဘာတွေလဲဆိုတော့…

(၁) ကျွမ်းကျင်မှုစက်ဝန်းထဲမှာနေပါ

Warren Buffet ကပြောခဲ့ပါတယ်။ ကျွန်ုပ်တို့ဟာ ကိုယ့်ရဲ့အားသာချက် အားနည်းချက်ကို မဖြစ်မနေသိဖို့လိုအပ်ပါတယ်တဲ့။ လုပ်ငန်းဆောင်တာတွေအများကြီးထဲကမှ ဘာကိုပိုပြီးအာရုံစိုက်ဖို့လိုတယ်ဆိုတာ သိသင့်ပါတယ်တဲ့။ သူက Tom Watson ရဲ့ပြောစကားကိုအရမ်းကြိုက်ပါတယ်။ အဲဒီစကားကတော့ “ကျွန်တော်ကပါရမီရှင်မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်အားသာချက် ကိုယ့်ကျွမ်းကျင်မှုတွေကို သိပါတယ်။ ကျွန်တော်က အဲဒီအရာတွေအနီးမှာပဲနေတယ်” လို့ပြောခဲ့တာပါ။ Warren Buffet က “ ကျွန်တော့်ဦးနှောက်က ဘက်စုံသုံးမဟုတ်ပါဘူး။ အကြောင်းအရာတွေတစ်ခုပြီးမှတစ်ခုကိုအာရုံစိုက်နိုင်ပါတယ်။ ကျွန်တော်မသိနားမလည်တဲ့အရာတွေ မှာအရဲစွန့်ပြီး မမြှုပ်နှံဘူး။ ကျွမ်းကျင်တဲ့ဘက်မှာပဲ ရင်းနှီးမြှုပ်နှံပါတယ်” လို့ပြောခဲ့ပါတယ်။ သူတို့တွေဟာ လုံးဝမသိတဲ့နယ်ပယ်ထဲကိုခြေစုံပစ်ဝင် ပုံအောပစ်လိုက်တာမျိုး ဘယ်တော့မှမလုပ်ကြဘဲ နားလည်တတ်ကျွမ်းတဲ့အလုပ်မှာသာ ရင်းနှီးမြှုပ်နှံလေ့ရှိကြတယ်ဆိုတာကတူညီတဲ့အချက်ဖြစ်ပါတယ်။

(၂) မြတ်နိုးမှုနဲ့အလုပ်လုပ်ခြင်း

အောင်မြင်တဲ့သိပ္ပံပညာရှင်ကြီး J. nike air max 90 pas cher Craig Venter ကပြောခဲ့ပါတယ်။ “လူတွေဟာ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ အလုပ်တွေလုပ်ကြတယ်။ သူတို့တကယ်ဖြစ်ချင်တဲ့အရာကို သူတို့မသိကြဘူး။ ကိုယ်တကယ်လုပ်ချင်တဲ့အရာ ၊ ကိုယ်ရူးသွပ်တဲ့အရာကို မလုပ်ဘဲနဲ့စစ်မှန်တဲ့အောင်မြင်မှုရဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ သင်အလုပ်တွေကို အောင်အောင်မြင်မြင်လုပ်နိုင်တယ် စွမ်းဆောင်ရည်ကောင်းတယ်ထားဦး ၊ ဒါဟာတကယ့်အောင်မြင်မှုမဖြစ်သေးပါဘူး။ ကိုယ်လုပ်ရတဲ့အလုပ်အပေါ် မြတ်နိုးရူးသွပ်မှုရှိမှတကယ့်အောင်မြင်မှုကို ရမှာပါ” လို့ဆိုပါတယ်။ လူတွေဟာသူတို့တကယ်ရူးသွပ်တဲ့အရာနဲ့ လုပ်နေရတဲ့အလုပ်ကွဲပြားနေရတဲ့အကြောင်းကို နာမည်ကြီးတေးရေးဆရာ Hans Zimmer က “ကျွန်တော် ဥပဒေနဲ့ပတ်သက်ပြီး အကြံတောင်းချင်တာပဲဖြစ်ဖြစ် ၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး အကြံဥာဏ်လိုချင်တာပဲဖြစ်ဖြစ် ကျွန်တော့်တီးဝိုင်းကိုသွားပြောလိုက်တာပဲ။ တီးဝိုင်းထဲမှာက ဥပဒေပညာရှင်က တစ်ဝက် ဆရာဝန်ကတစ်ဝက်လေ”လို့ ရယ်သွမ်းသွေးခဲ့ပါတယ်။ သူတို့အားလုံးဖြေခဲ့ကြတဲ့ တူညီတဲ့အချက်က ကိုယ်တကယ်ချစ်ခင်မြတ်နိုးတဲ့ အလုပ်ကို လုပ်ဖို့ပါပဲ။

(၃) ရေသေလိုမနေနဲ့

အောင်မြင်သူတော်တော်များများက အခွင့်အရေးကိုအမြဲတမ်းကြည့်နေတတ်ပါတယ်။ နေရာတစ်ခုမှာ သက်သောင့်သက်သာမျှောလိုက်နေတာမျိုး သိပ်မရှိကြပါဘူး။ ဘာတွေပြောင်းလဲနေပြီလဲ သူတို့အတွက်ဘာအခွင့်အလမ်းတွေရှိနေပြီလဲ အမြဲစူးစမ်းနေကြတာတွေ့ရပါတယ်။

  • အလုပ်အကိုင် ၊ အိမ်ခြံမြေ ၊ ဈေးရောင်းဈေးဝယ်အတွက်နာမည်ကြီး ဝက်ဘ်ဆိုက် Craigslist တည်ထောင်သူ Craig Newmark ဟာဆိုရင်လည်း လူမှုကွန်ယက်မှာ သူ့ကိုလူတွေသိလာအောင်လုပ်ရင်းနဲ့ ဝင်ငွေများစွာရနေတဲ့ ဝက်ဘ်ဆိုက်ကြီးကိုဖန်တီးဖြစ်သွားတာဖြစ်ပါတယ်။
  • Michael Bloomberg ဟာဆိုရင်လည်း Salomon Brothers ကုမ္ပဏီကနေ အလုပ်ပြုတ်သွားပြီးမှ သူ့ရဲ့ ကိုယ်ပိုင် Bloomberg LP ကုမ္ပဏီကြီးကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။
  • ကျန်းမာရေးနဲ့အလှအပနယ်ပယ်က ဆရာမကြီး Jillian Michaels ဟာဆိုရင်လည်း မော်ဒယ်လ်အေဂျင်စီကနေ အလုပ်ပြုတ်ပြီးမှ သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းကို အောင်မြင်အောင်တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။

CBS Television Network ရဲ့ CEO Les Moonves ကပြောခဲ့ပါတယ်။ “ အခွင့်အရေးဆိုတာကြီးက ကိုယ့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချင်မှရောက်လာတာ။ တစ်ခါတလေ တချို့အခွင့်အလမ်းတွေကိုတွေ့မြင်နေရက်နဲ့ လက်လွှတ်လိုက်ရသေးတယ်။ ကျွန်တော်လည်းသရုပ်ဆောင်လုပ်နေရင်းကနေ ထုတ်လုပ်သူလုပ်တာကပိုအောင်မြင်မှုရနိုင်တယ်ဆိုတာသိလာလို့ ပြောင်းဖြစ်ခဲ့တယ်။ Career ပြောင်းပြီးချိန် ပထမဆုံးရတဲ့အလုပ်က် Columbia Pictures မှာ Development Executive အဖြစ်နဲ့ပါ” လို့ဖွင့်ဟပါသေးတယ်။ ဒါကြောင့် တစ်ခါတလေမှာကိုယ့် Career ကြီးပျောက်နေပြီလား လမ်းမရှိတော့ဘူးလားလို့မတွေးပါနဲ့။ ဒီအလုပ်နဲ့ကံမပါရင် နောက်အလုပ်တစ်ခုနဲ့အောင်မြင်ပါလိမ့်မယ်။ အဓိကက ဇွဲ ၊ လုံ့လ ၊ ဝီရိယပါပဲလို့ ပြောခဲ့ကြပါတယ်။

(၄) ကိုယ်တိုင်ဖန်တီးယူပါ

အောင်မြင်သူတွေဟာ အခွင့်အလမ်းကိုတံခါးသွားခေါက်တတ်တဲ့သူမျိုးတွေပါ။ သူတို့ဖြစ်ချင်တာကို ဖန်တီးယူတတ်သူတွေဖြစ်ကြပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး နာမည်ကြီးသတင်းထောက် Anderson Cooper ကသူ့ဘဝနဲ့နှိုင်းယှဉ်ပြီးပြောပြခဲ့ပါတယ်။ “ ကျွန်တော်ကရုပ်သံသတင်းထောက်တစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ ပရိုဂရမ်အသစ်တွေထုတ်တဲ့ Channel one မှာ အချက်အလက်တွေစစ်ဆေးရသူအဖြစ်နဲ့ပဲ အလုပ်ရခဲ့တယ်။ နောက်တော့ကျွန်တော်လိုချင်တာရဖို့ တခြားနည်းနဲ့ယူရမယ်လို့ဆုံးဖြတ်လိုက်ပြီး အလုပ်ထွက်လိုက်တယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆီက ကင်မရာငှားပြီး နိုင်ငံခြားသွားတယ်။ စစ်ပွဲတွေမှာသတင်းယူ ၊ ဗီဒီယိုရိုက်တယ်။ ပြီးတော့ Channel one ကိုပဲ ဈေးနည်းနည်းနဲ့ပြန်ရောင်းတယ်။ သူတို့ကလည်း မငြင်းခဲ့ကြဘူး။ ဒီအပြောင်းအလဲကပဲ ကျွန်တော့်ဘဝကို အောင်မြင်အောင်ဖန်တီးခဲ့တာပါ” လို့ဖြေကြားခဲ့ပါတယ်။ ကိုယ်လုပ်နေရတဲ့အလုပ်မှာပျော်မွေ့ပြီး အောင်မြင်မှုရနေသူတွေဟာ ကိုယ်လိုချင်တဲ့အရာကို ဒီလိုပဲတိုက်ယူခဲ့ကြရတာဖြစ်ပါတယ်။

(၅) လမ်းသစ်ဖောက်ပါ

ကိုယ့်ရှေ့ကလူပေါင်းများစွာ ဒီလမ်းကြောင်းအတိုင်းသွားတယ်ဆိုတိုင်း ဒီလမ်းဟာ အကောင်းဆုံး ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ တခြားနည်းလမ်းတစ်ခုအလုပ်မဖြစ်လို့ဆိုတာမျိုး ယုံမှတ်လိုက်လို့မရပါဘူး။ ကမ္ဘာ့အကြီးဆုံး Organic အစားအသောက် ကုမ္ပဏီကြီးကို တည်ထောင်သူ Gary Hirshberg ဟာဆိုရင်လည်း လုပ်ကိုင်သူအများကြီးရှိပြီးသားလုပ်ငန်းကနေ အများနဲ့မတူအောင်ထိုးဖောက်ခဲ့တာဖြစ်ပါတယ်။ လူတွေဟာ အစားအသောက်နဲ့ပတ်သက်ရင် တစ်ချိန်မှာဓာတုဆေးမသုံးတဲ့ Organic စစ်စစ်တွေကိုတန်ဖိုးထားလာကြတော့မယ်လို့သိနေခဲ့ပါတယ်။ သူလုပ်ငန်းစတင်ချိန်မှာတော့ အာဟာရပြည့်ဝတဲ့ သူ့စားသောက်ကုန်တွေဟာ တခြားပစ္စည်းတွေထက်ဈေးများတာကြောင့် ကူးသန်းရောင်းဝယ်ရာမှာ အဆင်မပြေခဲ့ပါဘူး။ အခုဆိုရင် သူတို့ရဲ့နာမည်ကြီး Stonyfield ဒိန်ချဉ်ဟာ ဈေးကွက်မှာ နံပါတ် ၁ ဖြစ်နေခဲ့သလို ကုမ္ပဏီဟာလည်း Organic ထုတ်ကုန်လိုင်းမှာ နံပါတ်တစ်ဖြစ်နေပါပြီ။ ဒါကြောင့်လည်း Gary Hirshberg က စိန်ခေါ်မှုတွေကို ရင်ဆိုင်တတ်ဖို့ ၊ လမ်းရိုးကြီးအတိုင်းမဟုတ်ဘဲ ဘယ်လိုဖောက်ထွက်နိုင်မလဲစဉ်းစားဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

(၆) အရှုံးကိုမကြောက်နဲ့

ရှုံးနိမ့်ခြင်းကိုမကြောက်ဖို့ စူပါမော်ဒယ်လ်ကနေ စွန့်ဦးတီထွင်သူဖြစ်လာတဲ့ Kathy Ireland ကပြောပါတယ်။ “တစ်ခါမှမကျရှုံးဖူးရင် သင်ဟာဘာမှမလုပ်ဘူးလို့ပဲ” လို့သူမကပြောခဲ့တာပါ။ Ireland ဟာ လုပ်ငန်းတွေအများကြီးလုပ်ခဲ့ပြီးမအောင်မြင်ခဲ့တာတွေရှိပါတယ်။ နောက်ဆုံးမှာမှ သူ့နာမည်နဲ့ လူသုံးကုန်ပစ္စည်းတွေထုတ်ပြီး အောင်မြင်သွားတာဖြစ်ပါတယ်။ တကယ်တော့ အောင်မြင်ချင်သူတွေဟာ အရှုံးကိုရင်ဆိုင်ရဲဖို့လိုပါတယ်။ အောင်မြင်မှုပန်းတိုင်ဆီသွားဖို့ အရှုံးဆိုတဲ့မှတ်တိုင်တွေကို ကျော်ဖြတ်ရဲရမှာဖြစ်ပါတယ်။

(၇) ဒူပေနာပေခံရမယ်

အောင်မြင်နေသူတွေရဲ့ တူညီတဲ့အချက်က ဒုက္ခခံရဲကြပြီး ကြံ့ကြံ့ခံနိုင်ကြခြင်းပါပဲ။ ရှုံးနိမ့်နေချိန်မှာ လက်မလျှော့ဘဲ လဲကျပြီးပြန်ထနိုင်မှသာ အောင်မြင်မှုကိုရမှာဖြစ်ပါတယ်။

  • စာရေးဆရာ Jeff Kinney ဟာ Diary of a Wimpy Kid ဆိုတဲ့စာအုပ်ကို ၈ နှစ်ကြာအောင် အချိန်ယူရေးသားခဲ့ရပြီး သူ့စာအုပ်ကိုထုတ်ဝေသူတွေက အကြိမ်ကြိမ်ပယ်ချခံခဲ့ရပါတယ်။ သူအားမလျှော့ဘဲ ကြိုးစားခဲ့လို့ အုပ်ရေသန်း ၁၀၀ ကျော်ရောင်းရတဲ့ စာအုပ်ဖြစ်လာခဲ့တာပါ။
  • John Paul Dejoria ဟာအလုပ် ၃ ခုကနေထုတ်ပယ်ခံရဖူးပါတယ်။ နေစရာအတွက် သူ့ကားထဲမှာပဲနေထိုင်ပြီး တစ်နေ့ကို ၂ ဒေါ်လာနဲ့ ဆင့် ၅၀ ပဲ သုံးနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆံကေသာနဲ့ပတ်သက်တဲ့နာမည်ကြီးထုတ်ကုန် Paul Mitchell ထုတ်လုပ်တဲ့ John Paul Mitchell Systems and the Patrón Spirits Company ကိုတည်ထောင်ခဲ့နိုင်ပါတယ်။
  • အမေရိကန်နာမည်ကြီးစာရေးဆရာ ၊ ဒါရိုက်တာနဲ့ ပရိုဂျူဆာ Matthew Weiner ဟာလည်း သူ့ရဲ့တီဗီရှိုးတစ်ခုကို ဟောလိဝုဒ်တစ်ခွင်လိုက်ရောင်းခဲ့ဖူးပေမယ့် အားလုံးကငြင်းပယ်ခဲ့ကြပါတယ်။ သူ့ရဲ့ အောင်မြင်တဲ့ Mad Men ရုပ်သံဇာတ်လမ်းတွဲဟာလည်း ဇာတ်လမ်းရေးသားပြီးလို့ ၇ နှစ်ကြာမှရိုက်ကူးခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လဲကျချိန်မှာ စိတ်ဓာတ်မကျဘဲ အကောင်းဆုံးပြန်ကြိုးစားဖို့ သူတို့အားလုံးက တိုက်တွန်းခဲ့ကြတာပဲဖြစ်ပါတယ်။

Ref# Fortune

ဂျူဂျူး(အခရာ)

www.akhayar.com