ကမ္ဘာပေါ်မှာ ဘီလျံနာပေါင်း (၂,၂ဝ၈) ဦးရှိတယ်လို့ Forbes မဂ္ဂဇင်းရဲ့စစ်တမ်းအရ သိရပါတယ်။ (၇၂) နိုင်ငံမှာရှိတဲ့ ဘီလျံနာတွေရဲ့ လုပ်ငန်းနယ်ပယ်ဟာ မတူညီကြဘူးဆိုပေမယ့် အားလုံးမှာ တူညီနေကြတဲ့အချက်တွေတော့ ရှိပါတယ်။ ကိုယ့်ထူးကိုယ်ချွန် ကြီးပွားလာကြတဲ့ ဘီလျံနာတိုင်းမှာ မဆုတ်မနစ်ကြိုးစားပုံခြင်းတူညီကြသလို စွန့်ဦးတီထွင်စိတ်ရှိပုံခြင်းလည်း ထပ်တူကြပါတယ်။ အခုဆောင်းပါးမှာတော့ ဘီလျံနာတစ်ယောက်မှာရှိတဲ့ အကျင့်စရိုက် (၆) မျိုးကို ဖော်ပြလိုက်ပါတယ်။

Billionaires

(၁) တရားထိုင်ကြတယ်။

ဘီလျံနာတွေက မနက်ပိုင်းမှာပဲဖြစ်ဖြစ် အားလပ်တဲ့အချိန်မှာပဲဖြစ်ဖြစ် တရားထိုင်လေ့ရှိပါတယ်။ တရားထိုင်မယ်ဆိုရင် စိတ်ဖိအားကို လျော့နည်းစေတယ်၊ ဥာဏ်ရည်ပွင့်စေတယ်၊ ဦးနှောက်ကြည်စေတယ် ပြီးတော့ ရောဂါဘယတွေကို ကာကွယ်စေတယ်။ ဒါ့ကြောင့်လည်း ဘီလျံနာတွေဟာ အလုပ်များလွန်းတာတောင် အချိန်ပေးပြီး တရားထိုင်ကြတာပါ။ Oprah Winfrey ၊ Salesforce ရဲ့ CEO Marc Benioff နဲ့ ရင်းနှီးမြှပ်နှံသမားကြီး Ray Dalio တို့လို ဘီလျံနာတွေက တရားထိုင်လေ့ရှိသူပါ။ Jack Dorsey ဆိုရင် Twitter နဲ့ Square လိုနည်းပညာကုမ္ပဏီကြီးနှစ်ခုမှာ CEO တစ်ပြိုင်တည်းလုပ်နေရပေမယ့် မနက် (၅) နာရီမှာ အိပ်ရာထပြီး မနက်ပိုင်းမှာ မိနစ် (၃ဝ) တရားထိုင်သူပါ။

(၂) စာဖတ်တယ်။

“စာဖတ်သူတိုင်း ခေါင်းဆောင်မဟုတ်ပေမယ့် ခေါင်းဆောင်တိုင်းတော့ စာဖတ်ကြပါတယ်” လို့ အမေရိကန်နိုင်ငံရဲ့ (၃၃) ယောက်မြောက် သမ္မတကြီး Harry Truman ကဆိုပါတယ်။ တစ်ခါတုန်းက SpaceX ရဲ့ CEO Elon Musk ကို အာကာသမှာ ဒုံးပျံလွှတ်ဖို့ ဘယ်လိုသင်ယူလဲလို့ မီဒီယာသမားက မေးလိုက်တော့ “ကျွန်တော် စာဖတ်တယ်လေ” လို့ ဖြေသွားပါတယ်။ ကမ္ဘာ့စတုတ္ထအချမ်းသာဆုံးသူဌေးကြီး Warren Buffett ဆိုရင် စာကြမ်းပိုးတစ်ယောက်ဖြစ်ပြီး တစ်နေ့ကို စာမျက်နှာ (၆ဝဝ) ပြီးအောင် ဖတ်သူပါ။ Bill Gates ဆိုရင်လည်း တစ်နှစ်ကို စာအုပ် (၅ဝ) ပြည့်အောင် ဖတ်ပါတယ်။ တစ်ခါတစ်လေ စာဖတ်ဖို့ ခွင့်ရက်ရှည်တောင် ယူလေ့ရှိသူပါ။

(၃) စောစောထတယ်။

သာမန်လူတွေက အိပ်ရာထနောက်ကျတတ်ပေမယ့် ဘီလျံနာတွေက စောစောထလေ့ရှိပါတယ်။ Starbucks ရဲ့ CEO Howard Schultz ဆိုရင် မနက် (၆) နာရီမှာ အိပ်ရာထလေ့ရှိတယ်။ Jack Dorsey ဆိုရင် မနက် (၅) နာရီမှာ အိပ်ရာထလေ့ရှိသလို Richard Branson ဆိုရင်လည်း (၅) နာရီ (၄၅) မိနစ်မှာ အိပ်ရာထလေ့ရှိပါတယ်။ သူတို့တွေဟာ အိပ်ရာစောစောထပြီး သတင်းစာဖတ်လေ့ရှိသလို ကိုယ်လက်လေ့ကျင့်ခန်း (ဒါမှမဟုတ်) တရားထိုင်လေ့ရှိပါတယ်။

(၄) ကိုယ်လက်လေ့ကျင့်ခန်းလုပ်တယ်။

လေ့ကျင့်ခန်းလုပ်တာက အဆီကျစေတယ်၊ နှလုံးကို သန်မာစေတယ် ဒါ့အပြင် အကောင်းမြင်စိတ်ကို ဖြစ်စေပါတယ်။ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး မှတ်ဥာဏ်ကို တိုးတက်စေပါတယ်။ Mark Zuckerberg ဆိုရင် အပြေးလေ့ကျင့်လေ့ရှိသလို Richard Branson ကလည်း မနက်တိုင်းလေ့ကျင့်ခန်းလုပ်သူပါ။ Mark Cuban ဆိုရင်လည်း တစ်နေ့ကို တစ်နာရီနီးပါး နှလုံးလေ့ကျင့်ခန်းလုပ်သူပါ။ ကျန်းမာမှသာ အနာဂတ်အစီစဉ်တွေကို အကောင်ထည်ဖော်နိုင်မှာဖြစ်လို့ ဘီလျံနာတွေက လေ့ကျင့်ခန်းလုပ်ဟန်ရှိပါတယ်။

(၅) အိပ်ရေးဝအောင် အိပ်တယ်။

Bill Gates ဆိုရင်လည်း တစ်နေ့ကို (၇) နာရီနဲ့ (၈) နာရီကြားမှာ အိပ်စက်တတ်သူပါ။ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Jeff Bezos ဆိုရင်လည်း အိပ်ချိန်ကို အလေးထားတတ်သူပါ။ အိပ်ရေးမဝမှာစိုးလို့ မနက်ပိုင်းမှာ အစည်းအဝေးလုပ်လေ့မရှိဘဲ မိသားစုနဲ့ အချိန်ပေးလေ့ရှိပါတယ်။ အိပ်ရေးမဝဖြစ်လာရင် လုပ်ငန်းခွင်မှာ မတော်တဆဖြစ်လာမယ်၊ စိတ်တိုလာမယ် ပြီးတော့ ဆုံးဖြတ်ချက်တွေ မှားယွင်းလာမှာစိုးလို့ အိပ်ချိန်ကို ဂရုစိုက်တတ်ဟန်ရှိပါတယ်။

(၆) ကြွားဝါလေ့မရှိဘူး။

Bill Gates ဆိုရင် ဘီလျံနာကြီးဆိုပေမယ့် သူရဲ့ Casio နာရီက ဒေါ်လာ (၁ဝ) သာ ကျသင့်ပါတယ်လို့ Politico’s Lessons From Leaders Event မှာတုန်းက ပွင့်ပွင့်လင်းလင်းဆိုဖူးပါတယ်။ Mark Zuckerberg ဆိုရင်လည်း ၇၃.၄ ဘီလီယံကျော် ချမ်းသာပေမယ့် ဝတ်ထားတဲ့ တီရှပ်ကတော့ ဒေါ်လာသုံးရာဝန်းကျင်ပဲရှိပါတယ်။ Warren Buffett ဆိုရင် ၁၉၅၆ခုနှစ်တည်းက ဝယ်ထားတဲ့ ဒေါ်လာ ၃၁,၅ဝဝ တန် အိမ်လေးထဲမှာပဲ နေတုန်းပါ။

ဝင်ငွေလေး ကောင်းလာပြီဆို ကိုင်နေတဲ့ စမတ်ဖုန်းလေကို ရောင်းပစ်ကြတယ်၊ iPhone X ကို ဝယ်ပြီး လူကြားထဲမှာ ပန်းသီးပုံကို မမြင်မြင်အောင် ကြွားပြတတ်တဲ့ ပိုက်ဆံဝါးလားတွေ အတုယူစရာပဲဖြစ်ပါတယ်။ ဘီလျံနာတွေက ပိုက်ဆံတွေကို စနစ်တကျ သုံးစွဲတတ်ကြပြီး သူတို့ရဲ့ ကြွယ်ဝမှုတွေနဲ့ လူသားကောင်းကျိုးတွေကို ဖန်တီးချင်ကြပါတယ်။ The Giving Pledge လိုမျိုး Campaign မျိုးတွေနဲ့ သူတို့ရဲ့ ကြွယ်ဝမှုတွေကို ပရဟိတလုပ်ငန်းတွေမှာ အသုံးပြုနေကြပါပြီ။ “ရိုးရိုးကျင့် မြင့်မြင့်ကြံ” ဆိုတဲ့ မြန်မာစကားပုံလိုပဲ ကြွားဝါလေ့ မရှိတာ၊ ပရဟိတအလုပ်ကို ဝါသနာပါတာတွေဟာ ဘီလျံနာတွေရဲ့အကျင့်စရိုက်တွေပါလို့သာ ဆိုချင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com