ရေမွှေးချင်းတူတူပဲ ဒါလည်းမွှေးတာပဲ ဟိုဟာလည်းမွှေးတာပဲ ဘာလို့များအရမ်းဈေးကြီးတာဝယ်နေကြတာလဲဆိုတာမျိုး ပြောတတ်ကြပါတယ်။ ဈေးကြီးတဲ့ရေမွှေးကမှကောင်းတာ ဆိုပြီးတော့လည်း ပြောကြတယ်။ ဒါဆို ဘာလို့ဈေးကြီးတဲ့ရေမွှေးက ကောင်းတာလဲ ဈေးပေါတာကဘာလို့မကောင်းတာလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်နော်။ ရေမွှေးဆိုတာက ခဏတာမွှေးပျံ့သွားခြင်းထက် ပိုသာတဲ့ကောင်းကျိုးတွေကလည်းရှိတယ်လေ။ ကိုယ့်ရဲ့မွှေးရနံ့ဟာ ကိုယ့်ရဲ့ Personality ၊ ပြီးတော့ အမှတ်တရ Memory တွေကိုပါ ပြန်သတိရစေတာမျိုး။ ရေမွှေးက မွှေးရနံ့တစ်ခုဆိုတာထက်အရေးပါတဲ့ဒီလိုအချက်တွေရှိနေလို့လည်း လူတိုင်းကရေမွှေးကိုမက်မောကြတာပါ။

ဈေးပေါတဲ့ရေမွှေးနဲ့ဈေးကြီးတဲ့ရေမွှေးတွေမှာ အဓိကကွာခြားချက်က Ingredients ပါ။ ပြီးတော့ ချိုမြမှုပါ။ ဈေးပေါတဲ့ရေမွှေးတွေဟာ ပိုပြီး Sweet ဖြစ်ပါတယ်။ ဈေးကြီးတဲ့ရေမွှေးတွေက အရမ်းချိုအီနေတာမျိုးမရှိပေမယ့် ဈေးပေါတဲ့ရေမွှေးတွေကတော့ ချိုအီနေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးပေါတဲ့ရေမွှေးတွေဟာ လူငယ်ပိုင်းကိုဦးတည်တဲ့အတွက် လူငယ်တွေအကြိုက် ချိုအီနေတဲ့ရနံ့တွေပဲထုတ်လုပ်တာဖြစ်ပါတယ်။

နောက်တစ်ချက်က မွှေးရနံ့တာရှည်ခံမှုပါ။ ဈေးကြီးတဲ့ရေမွှေးတွေဟာ အနံ့စွဲမြဲပြီး နောက်တစ်ရက်အထိမွှေးရနံ့ကျန်ပါတယ်။ အဝတ်လျှော်ပြီးရင်တောင် မွှေးပျံ့ပြီးကျန်ခဲ့တာမျိုးပါ။ ဈေးပေါတဲ့ရေမွှေးတွေဟာ တာရှည်မခံတဲ့ Top Notes တွေကိုသုံးကြပါတယ်။ သူတို့ရဲ့ Top Note တွေက စွတ်ပြီး နာရီဝက် တစ်နာရီကျော်ရင် ကွယ်ပျောက်သွားတာမျိုးပါ။ တကယ်မွှေးရနံ့ကိုပေးတဲ့ Essential Oils တွေကို Mid-notes နဲ့ Base-notes တွေမှာမထည့်သွင်းကြပါဘူး။ ဒါကြောင့် သူတို့ရဲ့မွှေးရနံ့ကတာရှည်မခံတာဖြစ်ပါတယ်။
ဈေးပေါတဲ့ရေမွှေးနဲ့ ဈေးကြီးတဲ့ရေမွှေးကိုလက်ပေါ်မှာ ၄ နာရီမှ ၆ နာရီလောက် စွတ်ထားကြည့်ပါ။ ဈေးပေါတဲ့ရေမွှေးက အနံ့ပြောင်းရင်ပြောင်း မပြောင်းရင် အနံ့ပြယ်သွားတာတွေ့ရပါလိမ့်မယ်။

ဒီအချက်တွေက ရေမွှေးတစ်ပုလင်းကို ဘာကြောင့် ဈေးကြီးပေးရတာလဲ ဘာကြောင့်ဈေးပေါတာလဲဆိုတဲ့ ကွာခြားမှုဖြစ်စေတာပါ။ ဒါကြောင့် ရေမွှေးကောင်းဝယ်ဖို့ မတွန့်ဆုတ်ပါနဲ့။ ဈေးကြီးပေးရဖို့အတွက်ထိုက်တန်တဲ့တန်ဖိုးတွေ ရှိနေလို့ပါပဲ။

ဂျူဂျူး(Akhayar)

www.akhayar.com