ဘောလုံးလောကမှာ အခါးသီးဆုံးပြိုင်ဘက်တွေ အများကြီးရှိပြီး အဲဒီထဲမှာ မန်ယူ-မန်စီးတီး မြို့ခံနှစ်သင်းလည်း ပါပါတယ်။ တစ်ချိန်တုန်းက မန်စီးတီးဆိုတာက မန်ယူရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘဲ အောက်တန်းတွေမှာသာ ကျင်လည်ခဲ့ရပေမယ့် ၂၀၀၈ ခုနှစ်မှာ အာရပ်သန်းကြွယ်သူဌေးတွေရဲ့ ငွေကြးစီးဆင်းမှုနဲ့အတူ ပရီးမီးယားလိဂ် အင်အားကြီးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ မန်ယူထက်တောင် ဆုဖလားအောင်မြင်မှုတွေ ပိုရယူနိုင်ခဲ့တယ်။ ဒီအချိန်မှာ မန်ယူအသင်းက နည်းပြတွေ ပြောင်းပြီး ရလဒ်ဆိုးတွေကြားမှာ တ၀ဲလည်လည်ဖြစ်နေတာကြောင့် မန်ယူပရိသတ်တွေအတွက်တော့ သူတို့ရဲ့မြို့ခံအသင်း အောင်မြင်နေတာကို မခံချိမခံသာနဲ့ ကြည့်နေရတော့တာပါပဲ။ မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန် Alex Ferguson ပြောခဲ့တဲ့ Noisy Neighbors တွေရဲ့ ဆူညံသံတွေက မန်ချက်စတာမြို့ကို ဖုံးလွှမ်းနေပါပြီ။

အခု မန်ယူအသင်းရဲ့ အမာခံပရိသတ်တစ်ဦးက မန်စီးတီးအသင်းကို ဘယ်လောက်တောင် မုန်းတီးလဲဆိုတာ ပြဖို့ အဂွဲရိုး Sergio Aguero အမည်ပါတဲ့ ဂျာစီကို ပေါင်(၂၀၀)နဲ့ မရမက လေလံဆွဲပြီး ချက်ချင်းပဲ ဆုတ်ဖြဲပစ်ခဲ့ပါတယ်။ ပေါင်(၂၀၀)ဆိုတော့ မြန်မာငွေနဲ့ပြန်တွက်ရင် (၃)သိန်းကျော် (၄)သိန်းနီးပါးရှိပါတယ်။ သူ့နာမည်က Michael Cooney ဆိုသူဖြစ်ပြီး မန်ချက်စတာမြို့၊ Midland ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ရန်ပုံငွေလေလံပွဲမှာ အဂွဲရိုးဂျာစီကို လေလံဝင်ဆွဲခဲ့တာဖြစ်ပါတယ်။ လေလံအောင်ပြီး ချက်ချင်းပဲ Michael Cooney က လူအများကြီးရဲ့ ရှေ့မှာ အဂွဲရိုးဂျာစီကို ဆုတ်ဖြဲတက်နင်းခဲ့တော့တာပါပဲ။ ၂၀၁၁-၁၂ ရာသီတုန်းက နောက်ဆုံးပွဲမှာ အဂွဲရိုးရဲ့ဂိုးကြောင့် မန်စီးတီးအသင်း ဗိုလ်စွဲခဲ့တာကို Michael Cooney က အခုထက်ထိ မကျေနပ်ဘဲ လက်စားချေခဲ့တာလို့လည်း ပြောရမယ်။ အဲဒီလေလံပွဲမှာ မန်စီးတီးပရိသတ်တွေ မရှိတာ ကံကောင်းတယ်လို့ ပြောရမှာဖြစ်ပြီး မဟုတ်ရင်တော့ တစ်ယောက်နဲ့ တစ်ယောက် ထချကြဖို့ရှိပါတယ်။ သူ့ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး Michael Cooney ပြောပုံက ခပ်သင်းသင်းပါပဲ၊ “ကျွန်တော်က ရန်ပုံငွေလေလံပွဲတွေဆို အမြဲသွားလေ့ရှိပြီး တစ်ခုမဟုတ်တစ်ခု ၀ယ်နေကြပါ။ ဒီပွဲမှာတော့ အဂွဲရိုးအင်္ကျီက နောက်ဆုံးကျန်တာဖြစ်လို့ ပေါင်(၂၀၀)ပေးပြီး ၀ယ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်က မန်ယူအသင်းရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး ဘ၀တစ်လျှောက်လုံး တစ်ရာသီစာ လက်မှတ်ဝယ်အားပေးခဲ့တာပါ။ အဲဒါကြောင့် အဂွဲရိုးဂျာစီကို အိမ်ပြန်ယူသွားဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တကယ်လို့သာ မန်ယူအင်္ကျီကို တစ်ယောက်ယောက်က အခုလို ဆွဲဖြဲခဲ့ရင် အဲဒီသူကတော့ အသက်ရှင်ရက်နဲ့ အိမ်ပြန်နိုင်မှာ မဟုတ်လောက်ပါဘူး”တဲ့။ ကဲ .. Akhayar Sports က မန်ယူပရိသတ်တွေရော Michael Cooney လို မန်စီးတီးကို မုန်းတီးတဲ့သူတွေ ရှိကြရဲ့လား . . .

အဂွဲရိုးနာမည်နဲ့ဂျာစီကို ဆုတ်ဖြဲခဲ့တဲ့ မန်ယူပရိသတ်ရဲ့ ရုပ်သံကြည့်ရန်လင့်ခ်

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com