ဒီရာသီ လိဂ်ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို နောဝှစ် နဲ့ ရှက်ဖီးယူနိုက်တက် တို့က တိုက်ရိုက်တန်းတက်နိုင်ခဲ့ကြတာ အားလုံးအသိပါပဲ။ လိဂ်ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို လက်ကျန်တန်းတက်ခွင့် တစ်နေရာအတွက်တော့ အဆင့်(၃)ကနေ အဆင့်(၆)မှာရှိတဲ့ အသင်းတွေဖြစ်ကြတဲ့ လိဒ်စ် ၊ ၀က်စ်ဘရွန်း ၊ ဗီလာ နဲ့ ဒါဘီအသင်းတွေက Play Offs ကစားခဲ့ကြပြီး Play Offs ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာတော့ ဗီလာနဲ့ ၀က်စ်ဘရွန်းက (၂)ကျော့ပေါင်းရလဒ် ( ၂ – ၂ ) သရေဖြစ်နေတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်မှာ ဗီလာ အသင်းအနိုင်ရရှိခဲ့သလို ဒါဘီနဲ့ လိဒ်စ်တို့ရဲ့ပွဲမှာတော့ (၂)ကျော့ပေါင်းရလဒ် ( ၄ – ၃ )နဲ့ ဒါဘီအသင်းက အနိုင်ရရှိခဲ့ပါတယ်။ ဒီအနေအထားတွေကြောင့် Play Offs ရဲ့ ဗိုလ်လုပွဲအဆင့်ကို ဒါဘီ နဲ့ ဗီလာတို့က တက်ရောက်လာနိုင်ခဲ့ကြပါတယ်။

ဒီနေရာမှာ ထူးခြားတာတစ်ခုကတော့ ဒါဘီ နဲ့ ဗီလာ (၂)သင်းလုံးမှာ ချယ်လ်ဆီးအသင်း အငွေ့အသက်တွေပါဝင်နေတာပါပဲ။ ဒါဘီအသင်းနည်းပြ လမ်းပတ် Lampard ဟာ ချယ်လ်ဆီးဂန္ထ၀င်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းမှာလည်း ချယ်လ်ဆီးကစားသမားဟောင်း အက်ရှ်လေကိုးလ် Ashley Cole ပါဝင်နေသလို ချယ်လ်ဆီးကနေ အငှားနဲ့လာကစားနေတဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ Tomori နဲ့ Mount တို့ရှိနေကြပါတယ်။ ဗီလာအသင်းမှာတော့ လက်ထောက်နည်းပြ ဂျွန်တယ်ရီ Terry ဟာ ချယ်လ်ဆီးဂန္ထ၀င်ကစားသမားတစ်ဦးဖြစ်ပြီး ချယ်လ်ဆီးတိုက်စစ်မှူး အေဘရာဟမ် Abraham ကလည်း အငှားနဲ့ ကစားနေပါတယ်။ ဒါဘီအသင်းဟာ ပရီးမီးယားလိဂ်မှာ ၂၀၀၇ – ၂၀၀၈ ဘောလုံးရာသီက နောက်ဆုံးကစားထားတာဖြစ်ပြီး ဗီလာအသင်းကတော့ ၂၀၁၅ – ၂၀၁၆ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ နောက်ဆုံးကစားထားတာဖြစ်ပါတယ်။ ဒါဘီ နဲ့ ဗီလာတို့ရဲ့ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် ဗိုလ်လုပွဲကိုတော့ လာမယ့် မေလ(၂၇)ရက်နေ့မှာ ၀င်ဘာလေကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဘယ်အသင်းက ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိသွားမလဲဆိုတာ ကတော့ စိတ်ဝင်စားစရာပါပဲ။

Photo: SimpleNews , The Sun , Villa Twitter
Ko Kyue(Akhayar)
www.akhayar.com