မော်ဒန်ဘောလုံးလောကမှာ ကစားသမားတစ်ဦးအတွက် နေရာစုံကစားနိုင်မှ အဆင်ပြေမယ့်အနေအထား ဖြစ်နေပါပြီ။ တောင်ပံကစားသမားတစ်ဦးဟာ Side Back ၊ Wing Back တွေအဖြစ် ကစားနိုင်ဖို့ လိုသလို ကွင်းလယ်မှာလည်း နေရာစုံကစားနိုင်ဖို့ လိုနေပါတယ်။ အဲဒီအတွက်လည်း ဘောလုံးသမားတွေဟာ နေရာစုံ ကစားနိုင်ဖို့ သင်ယူရမှာဖြစ်ပြီး တကယ်လို့ ခေတ်ရဲ့တောင်းဆိုမှုကို မလိုက်ပါနိုင်ရင်တော့ အနာဂတ် ရှေ့ဆက်နိုင်ဖို့ မသေချာပါဘူး။ အခုလောလောဆယ် စိတ်ဝင်စားစရာကောင်းတာက ဘောလုံးလောကမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ No.10 Role ကျဆုံးတော့မှာလားဆိုတာပါပဲ။

No-10-Role

No-10-Role

အဲဒါနဲ့ပတ်သက်ပြီး ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုး Joachim Low က အခုလို သုံးသပ်ခဲ့ပါတယ်။ ” ကွင်းလယ်ဖန်တီးရှင် (Playmaker) ဒါမှမဟုတ် No.10 Role ဆိုတာက ဘောလုံးလောကမှာ နောက်ထပ် ဆက်ရှိဖို့ မသေချာတော့ပါဘူး။ အဲဒီနေရာကိုလည်း မသုံးတာကြာပါပြီ။ ဒီနေ့ခေတ်မှာ Playmaker ဆိုတာက Deeper Defensive Positions ကို ကစားနိုင်မှဖြစ်မှာပါ” လို့ ဆိုပါတယ်။ အရင်တုန်းက ဘောလုံးလောကမှာ နာမည်ကြီး Playmaker တွေ အများကြီးရှိခဲ့ဖူးပြီး အဲဒီကစားသမားတွေဟာ ထင်ရှားတဲ့ အောင်မြင်မှုတွေ ရယူခဲ့ကြဖူးတယ်။ ဇီဒန်း Zidane ၊ ရီကွယ်မေးလ် Juan Roman Riquelme ၊ အိမ်းမား Pablo Aimar အစရှိသူတို့ပါပဲ။

Zidane

Zidane

ဒီဘက်ခေတ်မှာလည်း အိုဇေးလ် Mesut Ozil ၊ မာတာ Mata တို့လို နာမည်ကျော်ကစားသမားတွေဟာ No.10 Role အဖြစ် ခြေစွမ်းပြနေတဲ့သူတွေ ဖြစ်ပါတယ်။ မော်ဒန်ဘောလုံးလောကမှာ No.10 Role ခေတ်မစားလာတာကလည်း ကစားကွက်အပြောင်းအလဲကြောင့်ပါပဲ။ ဒီဘက်ခေတ်မှာ (၄-၂-၃-၁) ပုံစံက နည်းပြတော်တော်များများ သုံးစွဲနေပြီး အဲဒီကစားကွက်မှာ No.10 Role နေရာက ကစားသမားက အခရာလို့ပြောရမယ်။ ဒါပေမဲ့ (၄-၃-၃) ဒါမှတ်မဟုတ် (၃-၄-၃) ကစားကွက် ပြောင်းလဲလိုက်ရင်တော့ သူ့အတွက် နေရာမရှိတော့ဘူး။ အဲဒီမှာ Traditional Number 10 Player တစ်ဦးဆိုရင် ဒုက္ခရောက်တော့တာပါပဲ။

Juan-Roman-Riquelme

Juan-Roman-Riquelme

တချို့ Number 10 တွေကတော့ နည်းပြရဲ့ နည်းဗျူဟာ အပြောင်းအလဲမှာ လိုက်လျောညီထွေဖြစ်အောင် ကစားနိုင်ကြပါတယ်။ ဥပမာပြောရရင် မန်စီးတီး ကွင်းလယ်လူတွေဖြစ်တဲ့ ဒီဘရိုင်းနား Kevin De Bruyne ၊ ဒေးဗစ်ဆေးလ်ဗား David Silva တို့ဟာ Playmakers တွေဖြစ်ပေမယ့် လိုအပ်လာရင် တောင်ပံတွေလည်း ထွက်ကစားနိုင်သူတွေဖြစ်ကြပါတယ်။

Kevin-De-Bruyne-and-David-Silva

Kevin-De-Bruyne-and-David-Silva

ဘိုင်ယန်မြူးနစ်က ကိုလံဘီယာကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ် James Rodriguez ဆိုရင် ၂၀၁၄ ကမ္ဘာ့ဖလားမှာ No.10 Role အဖြစ် အကောင်းဆုံး အသုံးတော်ခံခဲ့သူပါ။ အခု သူက ခံစစ်အထိဆင်းပြီး Deeper Defensive Positions ကစားနိုင်အောင် ပြင်ဆင်ခဲ့လို့ ကွင်းလယ်မှာ နေရာစုံ ကစားနိုင်တဲ့ Versatile Midfielder တစ်ဦးဖြစ်လာခဲ့ပြီ။ အဲဒီမှာ ဒုက္ခရောက်တာက No.10 Role စစ်စစ် ကစားသမားတွေပါပဲ။ ဥပမာ အိုဇေးလ် Mesut Ozil ၊ ဂေါ့ဇီ Gotze တို့လိုပေါ့။

Ozil

Ozil

အိုဇေးလ်ဟာ (၄-၂-၃-၁) ကစားကွက်မှာ No.10 Role အဖြစ် အကောင်းဆုံး ကစားနိုင်ပေမယ့် (၄-၃-၃)ပြောင်းလဲလိုက်ရင် သူ့အတွက် နေရာမရှိတော့သလို အဲဒီကစားကွက်မှာလည်း လိုက်လျောညီထွေဖြစ်အောင် မကစားနိုင်တာ များပါတယ်။ အရင်တုန်းက Playmaker တစ်ဦးဟာ ခံစစ်အထိ ဆင်းကူစရာမလိုဘဲ ပြိုင်ဘက် ကွင်းဘက်ခြမ်းမှာ ကိုယ့်အလုပ်ကိုယ် လုပ်ရုံဖြစ်ပေမယ့် ဒီနေ့ခေတ်မှာတော့ Deep lying Playmaker ပုံစုံက ပိုပြီး အသုံးတည့်လာတယ်လို့ ဂျိုအာချင်လိုးက သုံးသပ်ခဲ့ပါသေးတယ်။ ဥပမာပြောရရင် ချယ်လ်ဆီးက ယော်ဂျင်ဟို Jorginho ၊ ရီးယဲလ်ကွင်းလယ်လူ တိုနီကရူးစ် Toni Kroos တို့လို ကစားသမားတွေပါ။

Toni-Kroos

Toni-Kroos

နောက်ပိုင်းဖြစ်လာတဲ့ ခေတ်ရဲ့ တောင်းဆိုမှုအရ Playmaker တစ်ဦးဟာ နည်းဗျူဟာ၊ ကစားကွက်တွေအရ လိုအပ်သလို ကစားနိုင်ဖို့ လိုလာပါပြီ။ လာမယ့်အနာဂတ်မှာ No.10 Role ဆိုတာက သတ်သတ်မှတ်မှတ်ရှိနေမှာ မဟုတ်တော့တာ ကြောင့် No.10 Role ခေတ်တစ်ခေတ် အဆုံးသတ်ပြီလားလို့ပဲ မေးခွန်းထုတ်ရတော့မှာဖြစ်ပါ တော့တယ်။

REF:.dreamteamfc
Photo:Xtratime,thesefootballtimes,multi-master mind,Sporting News,WorldFootball,Premier League,Sportskeeda
Naing Linn(Akhayar)
www.akhayar.com