ရိုးမားအသင်းရဲ့ သက်တော်ရှည်ကစားသမားတစ်ဦးဖြစ်တဲ့ ၀ါရင့်ကွင်းလယ်လူ ဒီရော့ဆီ Daniele De Rossi ဟာ ရာသီကုန်ကျရင် (၁၈)နှစ်ကြာကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ပါတယ်။ အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီရော့ဆီဟာ ရိုးမားအသင်းအကယ်ဒမီက ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက် (၆၁၅)ပွဲကစား၊ (၆၃)ဂိုးသွင်းယူခဲ့သလို အသင်းနဲ့အတူ ကိုပါအီတာလီယာဖလား (၂)ကြိမ်၊ အီတလီစူပါဖလား(၁)ကြိမ် ရယူခဲ့ပါတယ်။ ရိုးမားအသင်းကို ကာပယ်လို Fabio Capello ကိုင်တွယ်ခဲ့တုန်းက ၂၀၀၁၊ အောက်တိုဘာလ (၁၀)ရက်မှာ စီနီယာအသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ ဒီရော့ဆီဟာ အဲဒီအချိန်ကတည်းက အသင်းရဲ့ အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သူဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ရိုးမားအသင်းရဲ့ ဂန္ထ၀င်တိုက်စစ်ကစားသမား တော့တီ Francesco Totti အနားယူသွားပြီး (၁)နှစ်အကြာမှာ နောက်ထပ်ဂန္ထ၀င်တစ်ဦးဖြစ်တဲ့ ဒီရော့ဆီ အသင်းနဲ့လမ်းခွဲတော့မှာဖြစ်လို့ ရိုးမားပရိသတ်တွေအတွက်တော့ ၀မ်းနည်းစရာပါပဲ။

တော့တီဟာ ရိုးမားတစ်သင်းတည်းမှာပဲ (၂၅)နှစ်ကြာကစားခဲ့ပြီး One Club Player အဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် ဒီရော့ဆီကတော့ ဘောလုံးသမားဘ၀ကနေ အနားယူဖို့ မသေချာသေးတာကြောင့် အဲဒီမှတ်တမ်းနဲ့ လွဲချော်မယ့်အနေအထားဖြစ်ပါတယ်။ ရိုးမားအသင်းဥက္ကဌ ပယ်လော့တာ Jim Pallotta က “ဒီ(၁၈)နှစ်တာကာလအတွင်းမှာ ဒီရော့ဆီဟာ ရိုးမားအသင်းရဲ့ အသည်းနှလုံးဖြစ်ခဲ့တာပါ။ ၂၀၀၁ မှာ စီနီယာအသင်းအတွက် ပထမဆုံးပွဲထွက်ခဲ့ချိန်က စလို့ အသင်းခေါင်းဆောင်ဖြစ်တဲ့အချိန်အထိ ဒီရော့ဆီဟာ ပရိသတ်တွေ ဂုဏ်ယူစရာဖြစ်လောက်တဲ့ ကစားသမားဖြစ်အောင် ကြိုးစားခဲ့တဲ့အပြင် ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူအဖြစ် ရပ်တည်နိုင်အောင် ကိုယ့်ကိုယ်ကိုယ်တည်ဆောက်နိုင်ခဲ့ပါတယ်။ ပါးမားနဲ့ပွဲမှာ ရိုးမားဂျာစီနဲ့ ဒီရော့ဆီကို နောက်ဆုံးအကြိမ်မြင်တွေ့ရမှာဖြစ်လို့ အဲဒီအတွက် ကျွန်တော်တို့ အားလုံး ၀မ်းနည်းကြေကွဲရပါတယ်။ ရိုးမားပရိသတ်တွေရဲ့ကိုယ်စား အသင်းအတွက် ပေးဆပ်ခဲ့တဲ့ ဒီရော့ဆီကို ကျေးဇူးတင်စကားပြောလိုပြီး တစ်ချိန်မှာ ကျွန်တော်တို့အသင်းမှာ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ဖြစ် ပြန်လာချင်ရင် သူ့အတွက် အမြဲတမ်းတံခါးဖွင့်ထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF:sportbible
Photo:Ghanasoccernet,BigSoccer
Naing Linn(Akhayar)
www.akhayar.com