ဘိုကာဂျူနီယာ၊ ရေးဗားပလိတ်စတဲ့ အာဂျင်တီးနား ထိပ်သီးကလပ်တွေရဲ့ နာမည်တွေက မြန်မာပရိသတ်တွေနဲ့ သိပ်မစိမ်းပေမယ့် အာဂျင်တီးနားဘောလုံးလောကကိုတော့ ပရိသတ်တွေ စိတ်ဝင်စားမှု သိပ်မရှိပါဘူး။ ဒါပေမဲ့လည်း အခုလက်ရှိ ထိပ်တန်းအဆင့်ကို ရောက်နေတဲ့ နာမည်ကျော်ကစားသမားတွေထဲမှာ အာဂျင်တီးနား ကစားသမားတွေ အများကြီးပါဝင်နေပြီး သူတို့ဟာ ငယ်ဘ၀တုန်းက ပြည်တွင်းကလပ်တွေမှာ ကျင်လည်ခဲ့ရတာပါ။ တချို့နာမည်ကျော် ဘောလုံးသမားတွေကတော့ အသက်အရွယ်ရလာချိန်မှာ အာဂျင်တီးနားကလပ်တွေဆီ ပြောင်းရွှေ့တာမျိုးရှိသလို တခြား အာဂျင်တီးနား နာမည်ကျော်ကစားသမားတွေကလည်း ကိုယ့်မွေးရပ်မြေကို ပြန်ပြီး ပြောင်းရွှေ့ကစားတာမျိုးလည်းရှိပါတယ်။ မကြာသေးခင်က အီတလီနဲ့ ရိုးမားဂန္ထ၀င်ကွင်းလယ်လူ ဒီရော့ဆီ Daniele De Rossi ဟာ ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဒါဟာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အပြောင်းအရွှေ့လည်းဖြစ်ပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီရော့ဆီဟာ ရိုးမားအသင်းမှာ ၂၀၀၁ ကနေ ၂၀၁၉ ခုနှစ်အထိ ကစားခဲ့ပြီး ရိုးမားအသင်းနဲ့ လမ်းခွဲအပြီးမှာ ဘောလုံးလောကကနေ အနားယူတော့မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် ဒီရော့ဆီဟာ ဘိုကာဂျူနီယာအသင်းကို အံ့အားသင့်စရာကောင်းလောက်အောင် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒီရော့ဆီမတိုင်ခင်ကလည်း အာဂျင်တီးနားဘောလုံးလောကမှာ မထင်မှတ်ထားတဲ့ အပြောင်းအရွှေ့တွေ အများကြီးရှိခဲ့ပါတယ်။ မန်ယူနဲ့ မန်စီးတီးတိုက်စစ်မှူးဟောင်း တီဗက်ဇ် Carlos Tevez ဟာ ဥရောပမြေမှာ အောင်မြင်မှုတွေ အများကြီးရယူခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်က သူ့ရဲ့ငယ်မွေးခြံပေါက်အသင်းဟောင်း ဘိုကာဂျူနီယာကို (၃)ကြိမ်မြောက် ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်အထိ ကစားနေဆဲပါ။ ဘောလုံးသမားဘ၀က အနားယူပြီး ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းနေသူ အော့စ်ဗယ်လ်ဒို Dani Osvaldo ကို ပရိသတ်တွေ မှတ်မိကြဦးမှာဖြစ်ပါတယ်။ ရိုးမား၊ ဆောက်သမ်တန်၊ ဂျူဗင်တပ်စ်အသင်းတို့မှာ ကစားခဲ့ဖူးသူ အော့စ်ဗယ်လ်ဒိုဟာ ဘောလုံးသမားဘ၀က အနားမယူခင် ၂၀၁၆ ခုနှစ်မှာ ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့ကစားခဲ့ပါသေးတယ်။ မထင်မှတ်တဲ့အပြောင်းအရွှေ့ နောက်တစ်ခုက နာမည်ကျော် ဘောလုံးသမားဟောင်း ရီကွယ်မေးလ် Juan Roman Riquelme ဖြစ်ပါတယ်။ ကစားသမားဘ၀ အကောင်းဆုံးအချိန်လို့ ပြောရမယ့် အသက်(၂၉)နှစ်အရွယ်မှာ ဗီလာရီးယဲလ်ကနေ ဘိုကာဂျူနီယာကို ပြောင်းရွှေ့ခဲ့ပြီး သူနောက်ဆုံး ကစားခဲ့တာက Argentinos Juniors အသင်းပါ။

အာဂျင်တီးနား ဂန္ထ၀င်ကစားသမားကြီး မာရာဒိုနာ Diego Maradona ဟာလည်း ကစားသမားဘ၀ အဆုံးသတ်ခါနီးမှာ နယူးဝဲလ်အိုးဘွိုင်းစ်၊ ဘိုကာဂျူနီယာအသင်းတွေမှာ ကစားခဲ့သူဖြစ်ပါတယ်။ နောက်တစ်ဦးက ဗာရွန် Juan Sebastián Verón ဖြစ်ပြီး အက်စ်တူဒီယန်တေးစ်အသင်းမှာ ကစားသမားဘ၀ ကုန်ဆုံးခဲ့ပါတယ်။

REF:marca
Photo:LaRepublica,Clarín,Boca Facebook
Naing Linn(Akhayar)
www.akhayar.com