ဒီလိဂ် Matthijs de Ligt ဆိုတဲ့ နာမည်ဟာ ဘောလုံးလောကမှာ တဖြည်းဖြည်းနဲ့ ထွန်းတောက်လာခဲ့ပြီး အခုဆိုရင် ထိပ်တန်းအဆင့်နောက်ခံလူအဖြစ်တောင် ရပ်တည်နေပါပြီ။ ဒါပေမယ့် အားလုံးလိုလို မသိမသာနဲ့ မေ့လျော့ထားကြတာကတော့ သူ့ရဲ့အသက်က (၂၀)နှစ်သာရှိသေးတယ်ဆိုတာပါပဲ။ ဒါကလည်း သူ့ရဲ့ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် အခုလိုမျိုးဖြစ်နေတာလို့ ယူဆရမှာပါ။ အချိန်တိုလေးအတွင်းမှာ ထိပ်တန်းအဆင့်ကို တက်ရောက်သွားတဲ့ ဒီလိဂ် ရဲ့ ပြောင်းလဲခြင်း နေ့ရက်များနဲ့ မှတ်တမ်းတွေကတော့ …

အေဂျက်စ်လူငယ်ထွက် ကစားသမားတစ်ဦးဖြစ်တဲ့ ဒီလိဂ် ဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာ (၂၁)ရက်နေ့ Willem II နဲ့ ဖလားပွဲစဉ်တစ်ခုမှာ အသင်းအတွက် ပွဲထွက်ခွင့်စတင်ရရှိခဲ့ပါတယ်။ အဲဒီပွဲစဉ်ရဲ့ ပွဲချိန်(၂၅)မိနစ်အကြာမှာ ဒီလိဂ် ဟာ အေဂျက်စ်အသင်းအတွက် ထောင့်ကန်ဘောကနေ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးကြောင့် ဒီလိဂ် ဟာ အသင်းရဲ့ ဂန္ထ၀င်ကွင်းလယ်လူ ဆီးဒေါ့ဖ် Seedorf နောက်ပိုင်း အေဂျက်စ်အသင်းရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် မေလ (၂၅)ရက်နေ့က ကစားခဲ့တဲ့ အေဂျက်စ်(၀-၂)မန်ယူတို့ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ပရိသတ်တွေ မှတ်မိဦးမယ်ထင်ပါတယ်။ အဲဒီပွဲစဉ်မှာ ဒီလိဂ် ဟာ အေဂျက်စ်အသင်းအတွက် ပွဲထွက်ခွင့်ရရှိခဲ့တာကြောင့် ဥရောပရဲ့အဓိကဗိုလ်လုပွဲတစ်ခုမှာ အသက်(၁၇)နှစ် (၂၈၅)ရက်နဲ့ ကစားခွင့်ရရှိခဲ့တဲ့ အသက်အငယ်ဆုံးကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီလိဂ် ဟာ ၂၀၁၇ ခုနှစ်ထဲမှာ နယ်သာလန်လက်ရွေးစင်အသင်းအတွက် ပွဲထွက်ခွင့်ရရှိခဲ့တာကြောင့် လက်ရွေးစင်အသင်းအတွက် ၁၉၃၁ ခုနှစ်နောက်ပိုင်း အငယ်ဆုံးပွဲထွက်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ပြောရရင်တော့ ဒီလိဂ် ဟာ စံချိန်များနဲ့ လူသားလို့ ညွန်းရမှာပါပဲ။

၂၀၁၈ ခုနှစ် မတ်လထဲမှာတော့ ဒီလိဂ် ဟာ အေဂျက်စ်အသင်း ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ရတာကြောင့် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ လူငယ်တစ်ဦးဖြစ်ပေမယ့် အသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲစံမှာ အကောင်းဆုံး ခြေစွမ်းတွေကို ပြသခဲ့ပါတယ်။ အေဂျက်စ်အသင်း ခေါင်းဆောင် အဖြစ်နဲ့ ဒီလိဂ် ဟာ နယ်သာလန်အမှတ်ပေးဖလား နဲ့ KNVB Cup တွေကို ရရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၁၇)ရက်နေ့မှာတော့ ဒီလိဂ် ဟာ လူငယ်ကစားသမားတွေအတွက်ပဲ ချီးမြှင့်တဲ့ Golden Boy ဆုကို ရရှိခဲ့ပါတယ်။ ဒီအနေအထားကြောင့် ဒီလိဂ် ဟာ Golden Boy ဆုကို ပထမဆုံးရရှိခဲ့တဲ့ နောက်ခံလူ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇူလိုင် (၁၈)ရက်နေ့မှာတော့ ဒီလိဂ် ဟာ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို (၇၅)သန်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဒီပြောင်းရွှေ့ကြေးကြောင့် ဒီလိဂ် ဟာ လက်ရှိ ကမ္ဘာ့ကြေးအကြီးဆုံးနောက်ခံလူ (၁၀)ဦးစာရင်းရဲ့ နံပါတ်(၄)နေရာကို ချိတ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလဆန်းပိုင်းမှာတော့ ဒီလိဂ် ဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီရဲ့ နယ်သာလန်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဒီဆုကိုတော့ အေဂျက်စ်နဲ့ PSV ကစားသမားတွေက ရရှိလာပိုများခဲ့ပြီး လက်ရှိမှာတော့ ဒီစာရင်းထဲမှာ ဒီလိဂ် လည်း ပါဝင်လာတာဖြစ်ပါတယ်။

ဒီလိဂ် ဟာ အချိန်တိုလေးအတွင်းမှာတင် ထိပ်တန်းအဆင့်ကို ရောက်ရှိခဲ့ပြီး အသက်အရွယ်နဲ့ မလိုက်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ အသင်းသစ် ဂျူဗင်တပ်စ်အသင်းမှာ အထိုင်ကျဖို့ အနည်းငယ်ခက်ခဲနေပေမယ့် ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အနေအထားဖြစ်တာကြောင့် အချိန်အနည်းငယ်ယူပြီးရင် အဆင်ပြေသွားမှာ အသေအချာပါပဲ …

Ref: Bleacher Report Football , wikipedia
Photo: Sky Sports , Juventus Twitter , ESPN.Com ,  Sportskeeda , SWX , The Spokesman-Review
Ko Kyue(Akhayar)
www.akhayar.com