လက်ရှိအပြောင်းအရွှေ့ကာလမှာ သတင်းမျိုးစုံထွက်နေတဲ့ အေဂျက်စ်နောက်ခံလူ ဒီလိဂ် Matthijs de Ligt ရဲ့ အပြောင်းအရွှေ့ကတော့ သိပ်မကြာခင်မှာ အပြီးသတ်တော့မှာဖြစ်ပါတယ်။ ဒီလိဂ် ကို ခေါ်ယူဖို့ မန်ယူ ၊ ဘာစီလိုနာ ၊ PSG နဲ့ ဂျူဗင်တပ်စ်တို့က အပြိုင်ဖြစ်ခဲ့ကြပြီး အခုဆိုရင်တော့ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိတော့မှာပါ။ ဒီနေ့(အင်္ဂါ)မှာတော့ ဒီလိဂ် ဟာ သူ့ရဲ့အပြောင်းအရွှေ့ကို အပြီးသတ်ဖို့အတွက် တူရင်ကို လာနေပြီး မနက်ဖြန်(ဗုဒ္ဓဟူး)မနက် အစောပိုင်းမှာ ဆေးစစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဒီလိဂ် ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးပေါင်(၆၇.၅)သန်း အသုံးပြုခဲ့ရပြီး (၅)နှစ်စာချုပ်ချုပ်ဆိုသွားဖို့ရှိတယ်လို့သိရပါတယ်။

ဒီလိဂ် ဟာ အေဂျက်စ်အသင်းမှာ (၃)ရာသီကြာ ကစားခဲ့သလို ရာသီတိုင်းလိုလို ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း(၁၁၇)ပွဲကစား (၁၃)ဂိုးသွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ထိပ်တန်းအဆင့်ခြေစွမ်းတွေကို ပြသနိုင်ခဲ့တဲ့ ဒီလိဂ် ဟာ အေဂျက်စ်အသင်းနဲ့အတူ နယ်သာလန်အမှတ်ပေးဖလား နဲ့ KNVB Cup ချန်ပီယံဆုတွေကို တစ်ကြိမ်စီရရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ အဓိကနောက်ခံလူတွေဖြစ်တဲ့ ချီလီနီ Chiellini နဲ့ ဘိုနူချီ Bonucci တို့ဟာ အသက်အရွယ်ကြီးနေကြပြီဖြစ်တာကြောင့် သူတို့နေရာအစားထိုးဖို့အတွက် ဒီလိဂ် ကို ခေါ်ယူနိုင်တော့မှာက အသင်းအတွက် ကျေနပ်စရာ အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့လက်ရှိလူစာရင်းဟာ တောင့်တင်းခိုင်မာမှုရှိသလို ဒီလိဂ် သာ ရောက်ရှိလာရင်ပိုကောင်းသွားမှာဖြစ်တာကြောင့် လာမယ့်ရာသီ ဂျူဗင်တပ်စ်အသင်းရဲ့ အနေအထားက စိတ်ဝင်စားဖို့ကောင်းနေတာကတော့ အမှန်ပါပဲ။

Ref: BBC Sports , china.org.cn
Photo: Matthijs de Ligt Twitter
Ko Kyue(Akhayar)
www.akhayar.com