အေဂျက်စ်အသင်းခေါင်းဆောင် ဒီလိဂ် Matthijs de Ligt ဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ တူရင်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဒီလိဂ် ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးပေါင်(၆၃)သန်း အသုံးပြုခဲ့ရပြီး (၅)နှစ်စာချုပ်ချုပ်ဆိုသွားဖို့ရှိတယ်လို့သိရပါတယ်။ ဒီလိဂ် ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ဒီနေ့(ဗုဒ္ဓဟူး)မှာ ဆေးစစ်မှုပြုလုပ်သွားမှာဖြစ်ပြီး မနက်ဖြန်(ကြာသပတေး)မှာ အပြောင်းအရွှေ့ကိုကြေညာသွားဖို့ရှိနေပါတယ်။ ဒီလိဂ် ဟာ ဂျူဗင်တပ်စ်အသင်းမှာ တစ်နှစ်လုပ်ခပေါင်(၁၀)သန်းကျော်ရရှိသွားဖို့ရှိနေတာကြောင့် အသင်းမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ နောက် ဒုတိယလစာအများဆုံး ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီလိဂ် ဟာ ဂျူဗင်တပ်စ်အသင်းရဲ့ သမိုင်းတစ်လျှောက် လုပ်ခလစာအများဆုံးရရှိတဲ့ နောက်ခံလူအဖြစ်လည်း မှတ်တမ်းဝင်မှာပါ။ ဒီလိဂ် ရဲ့ စာချုပ်လျော်ကြေးကတော့ ပေါင်(၁၃၅)သန်းဖြစ်ပြီး နှစ်စဉ် (၁၃.၅)သန်းတိုးသွားမှာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ နောက်ခံလူအသစ်ဖြစ်လာမယ့် ဒီလိဂ် က ” ကျွန်တော် ဒီကိုရောက်ရှိလာတဲ့အတွက် ပျော်ရွှင်မိပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီလိဂ် ဟာ အေဂျက်စ်အသင်းမှာ (၃)ရာသီကြာ ကစားခဲ့ပြီး ပွဲပေါင်း(၁၁၇)ပွဲကစား (၁၃)ဂိုးသွင်းယူခဲ့သလို နယ်သာလန်အမှတ်ပေးဖလား နဲ့ KNVB Cup ချန်ပီယံဆုတွေကို တစ်ကြိမ်စီရရှိခဲ့ပါတယ်။

Ref: BBC Sports , Daily Mail , Sportskeeda
Photo: Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com