မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနား De Bruyne ဟာ စပါးကို ( ၁ – ၀ )နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးပါတဲ့ မန်ယူအသင်းနဲ့ ကစားမယ့် မျက်ချက်စတာဒါဘီပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒီဘရိုင်းနား အတွက် လက်ရှိရရှိခဲ့တဲ့ ဒဏ်ရာဟာ ဒီရာသီသူ့အတွက် (၃)ကြိမ်မြောက် အကြီးစားဒဏ်ရာပြဿနာဖြစ်ခဲ့ပါတယ်။ ရာသီအစတုန်းက ဒီဘရိုင်းနား ဟာ ညာဘက်ဒူးဒဏ်ရာကြောင့် (၂)လကြာအနားယူခဲ့ရသလို ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ဘယ်ဘက်ဒူးဒဏ်ရာကြောင့် နောက်ထပ်(၆)ပတ်ကြာ အနားယူခဲ့ရပါတယ်။

လက်ရှိမှာ ဒီဘရိုင်းနား ဟာ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကို ဦးဆောင်ကစားနေပြီး ပုံစံကောင်းရနေချိန်မှာ အခုလို ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် သူ့အတွက်ရော အသင်းအတွက်ပါ ထိုးနှက်ချက်ကြီးမားခဲ့ပါတယ်။ ဒီဘရိုင်းနား ဟာ တံကောက်ကြောဒဏ်ရာကြောင့် မန်ချက်စတာဒါဘီပွဲစဉ်အပါအ၀င် မန်စီးတီးအသင်းရဲ့ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း လွဲချော်ဖို့ရှိနေပြီး ဒီရာသီမှာ ဒဏ်ရာကနေ ပြန်လာနိုင်မယ်ဆိုရင် ၀က်ဖို့ဒ်အသင်းနဲ့ ကစားမယ့် FA Cup ဗိုလ်လုပွဲစဉ်မှသာ ပါဝင်နိုင်မှာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဒီဘရိုင်းနား ဟာ မန်စီးတီးအသင်းအတွက် လက်ရှိအချိန်ထိ ပွဲပေါင်း(၂၃)ပွဲကစား (၅)ဂိုးသွင်းယူထားပါတယ်။

Ref: Soccer News
Photo: The Samford Crimson , Goal.com
Ko Kyue(Akhayar)
www.akhayar.com