ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲတွေထဲမှာ ပရီးမီးယားလိဂ်ဟာ ပရိသတ်ကြိုက်နှစ်သက်မှု အများဆုံးဖြစ်သလို တခြားလိဂ်တွေထက်စာရင် ပြိုင်ဆိုင်မှု ပိုပြင်းထန်တာ အားလုံးအသိပါပဲ။ ဒီလိုပြိုင်ပွဲမျိုးမှာ ကစားသမားတစ်ဦး ကလပ်အသင်းတစ်သင်းအတွက် နှစ်ပေါင်းများစွာ ကစားခွင့်ရဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ (၁၀)စုနှစ်တစ်ခုကျော် မတိုင်ခင်က ပရီးမီးယားလိဂ်မှာ ကလပ်အသင်းတစ်သင်းတည်းအတွက် နှစ်ပေါင်းများစွာ ကစားခဲ့တဲ့ သက်တော်ရှည်ကစားသမားတွေ အများကြီးရှိခဲ့ဖူးပေမယ့် ငွေကြေးစီးဆင်းမှုတွေ အလုံးအရင်းဝင်ရောက်လာပြီး မော်ဒန်ဘောလုံးလောကကို ရောက်ရှိလာချိန်မှာတော့ သက်တော်ရှည်ကစားသမားဆိုတာ ရှားသွားပါပြီ။ ဒါကြောင့် အခုလက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ကစားသမားတွေထဲမှာ ကလပ်အသင်းတစ်သင်းတည်းအတွက် နှစ်အကြာဆုံးကစားခဲ့သူတွေကို ပရိသတ်တွေ ဗဟုသုတရအောင် ဖော်ပြလိုက်ချင်ပါတယ် . . .

Matt Doherty (Wolves) ၊ Signed: August, 2010 ၊ Debut: January, 2011

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်ရောက်ရှိခဲ့တဲ့ ၀ုလ်ဗ်အသင်း ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တဲ့နေရာမှာ ဒိုဟာတီ Matt Doherty က အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့တယ်။ ညာနောက်ခံလူဖြစ်တဲ့ ဒိုဟာတီဟာ ၂၀၁၃ ခုနှစ်မှာ အသင်းရဲ့ First Choice ဖြစ်လာခဲ့ပြီး ၀ုလ်ဗ်အသင်း အနိမ့်ပိုင်းရောက်နေတာတောင် အသင်းမှာ ဆက်လက်ကစားခဲ့သူပါပဲ။

Winston Reid (West Ham)၊ Signed: August 2010၊ Debut: August 2010

ဝင်စတန်ရိဒ် Winston Reid ဆိုတာက ၀က်စ်ဟမ်းအသင်းမှာ အမေ့ခံကစားသမားတစ်ဦးဖြစ်နေပါပြီ။ ပြင်းထန်တဲ့ဒူးဒဏ်ရာကြောင့် ၂၀၁၈၊ မတ်လကတည်းက အနားယူနေရတဲ့ ၀င်စတန်ရိဒ်ဟာ ၂၀၁၈-၁၉ ရာသီကုန်ခါနီးမှာ ဒဏ်ရာက ပြန်လည်သက်သာလာတာကြောင့် ရာသီကြိုခြေစမ်းပွဲတွေမှာ ၀င်ကစားဖို့ရှိနေပါတယ်။ ၂၀၁၀ ခုနှစ်မှာ ၀က်စ်ဟမ်းအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး တန်းဆင်းခဲ့ရတာတောင် အသင်းမှာ သစ္စာရှိရှိ ဆက်နေတဲ့ ၀င်စတန်ရိဒ်လို ကစားသမားမျိုးက ဒီခေတ်မှာ ရှားသွားပါပြီ။

Laurent Koscielny (Arsenal)၊ Signed: July 2010၊ Debut: August 2010

အာဆင်နယ်အသင်းရဲ့ လက်ရှိကစားသမားတွေထဲမှာ သက်တမ်းအကြာဆုံးက နောက်ခံလူ ကိုစီယဲလ်နီ Laurent Koscielny ပါ။ ဒါပေမဲ့ သူ့ရဲ့ အာဆင်နယ်ကစားသမားအဖွင့်ပွဲက မလှပခဲ့ပါဘူး။ ၂၀၁၀၊ သြဂုတ်လတုန်းက လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး (၂)၀ါ(၁)နီနဲ့ အထုတ်ခံခဲ့ရလို့ပါပဲ။ အခုဆိုရင် ကိုစီယဲလ်နီဟာ အာဆင်နယ်အသင်းမှာ ကစားတာ (၉)နှစ်ပြည့်တော့မှာဖြစ်ပြီး သူ့ရဲ့ စာချုပ်က လာမယ့်ရာသီကုန်ကျရင် သက်တမ်းပြည့်တော့မှာဖြစ်ပါတယ်။

Paul Dummett (Newcastle)၊ Signed: Academy graduate ၊ Debut: January 2013

နယူးကာဆယ်အသင်း အကယ်ဒမီကထွက်ပေါ်ခဲ့သူ ဒမ်းမတ် Paul Dummett ကလည်း အသင်းရဲ့ လက်ရှိကစားသမားတွေထဲမှာ နှစ်အကြာဆုံးကစားခဲ့သူဖြစ်ပါတယ်။ ကစားသမားဘ၀အစပိုင်းမှာ Gateshead၊ St Mirren အသင်းတို့မှာ အငှားနဲ့ ကစားခဲ့ရပြီး သူ့ကို စင်တင်ပေးခဲ့သူက နယူးကာဆယ်နည်းပြဟောင်း အလန်ပါဂျုး Alan Pardew ပါပဲ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဒမ်းမတ်ဟာ နယူးကာဆယ်အသင်းအတွက် ပွဲထွက်ခွင့်ရတိုင်း အကောင်းဆုံးပေးဆပ်ကစားနေသူပဲဖြစ်ပါတယ်။

David Silva (Manchester City)- Signed: June 2010 ၊ Debut: August 2010

မန်စီးတီးအသင်းရဲ့ သက်တော်ရှည် ကစားသမားဖြစ်သူ ဒေးဗစ်ဆေးလ်ဗား David Silva ကတော့ ၂၀၁၉-၂၀ ရာသီကုန်ကျရင် အသင်းနဲ့လမ်းခွဲမယ်လို့ မကြာသေးခင်က အတည်ပြုခဲ့ပါတယ်။ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်(၄)ကြိမ်၊ FA ဖလား (၂)ကြိမ်၊ လိဂ်ဖလား(၄)ကြိမ်ရယူခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗားဟာ အသင်းရဲ့ ဂန္ထ၀င်တစ်ဦးအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူစာရင်းမှာ ထည့်သွင်းရမယ့်သူလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိကစားသမားတွေထဲမှာ သက်တမ်းအကြာဆုံးကစားသမားများ အပိုင်း(၂)ကို ဆက်လက်ဖော်ပြသွားပါမည် . .

REF:talksport
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com