ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲတွေထဲမှာ ပရီးမီးယားလိဂ်ဟာ ပရိသတ်ကြိုက်နှစ်သက်မှု အများဆုံးဖြစ်သလို တခြားလိဂ်တွေထက်စာရင် ပြိုင်ဆိုင်မှု ပိုပြင်းထန်တာ အားလုံးအသိပါပဲ။ ဒီလိုပြိုင်ပွဲမျိုးမှာ ကစားသမားတစ်ဦး ကလပ်အသင်းတစ်သင်းအတွက် နှစ်ပေါင်းများစွာ ကစားခွင့်ရဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ (၁၀)စုနှစ်တစ်ခုကျော် မတိုင်ခင်က ပရီးမီးယားလိဂ်မှာ ကလပ်အသင်းတစ်သင်းတည်းအတွက် နှစ်ပေါင်းများစွာ ကစားခဲ့တဲ့ သက်တော်ရှည်ကစားသမားတွေ အများကြီးရှိခဲ့ဖူးပေမယ့် ငွေကြေးစီးဆင်းမှုတွေ အလုံးအရင်းဝင်ရောက်လာပြီး မော်ဒန်ဘောလုံးလောကကို ရောက်ရှိလာချိန်မှာတော့ သက်တော်ရှည်ကစားသမားဆိုတာ ရှားသွားပါပြီ။ ဒါကြောင့် အခုလက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ကစားသမားတွေထဲမှာ ကလပ်အသင်းတစ်သင်းတည်းအတွက် နှစ်အကြာဆုံးကစားခဲ့သူတွေကို ပရိသတ်တွေ ဗဟုသုတရအောင် ဖော်ပြလိုက်ချင်ပါတယ် . . .

Chris Smalling (Manchester United) ၊ Signed: July 2010 ၊ Debut: August 2010

မန်ယူအသင်း ၀ါရင့်ကစားသမား ဗလင်စီယာ Antonio Valencia အီကွေဒေါကို ပြောင်းရွှေ့သွားပြီးတဲ့နောက် စမောလင်း Chris Smalling ဟာ မန်ယူအသင်းရဲ့ သက်တော်ရှည်ကစားသမားဖြစ်လာခဲ့ပါတယ်။ ဝေဖန်မှုတွေ ရှိနေပေမယ့် စမောလင်းဟာ မန်ယူအသင်း ခံစစ်တစ်နေရာကို အပိုင်စားရနေဆဲဖြစ်ပြီး နည်းပြအစဉ်အဆက်က သူ့ကို နေရာပေးခဲ့ကြတယ်။ ဒါပေမဲ့ အခုလောလောဆယ် မန်ယူအသင်းဟာ နောက်ခံလူတစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် စမောလင်းရဲ့နေရာကို စတင်ခြိမ်းခြောက်နေပါပြီ။

Seamus Coleman (Everton)၊ Signed: January 2009 ၊ Debut: October 2009

ပရိသတ်အချစ်တော် ကစားသမားတစ်ဦးဖြစ်တဲ့ အဲဗာတန်ညာနောက်ခံလူ ကိုးမန်း Seamus Coleman ဟာ ယူရိုပါလိဂ်ပွဲအဖြစ် ဘင်ဖီကာနဲ့ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ အခုဆိုရင် ကိုးမန်းဟာ အဲဗာတန်ကစားသမားဘ၀ ပွဲ(၃၀၀)ပြည့်ဖို့ (၁၁)ပွဲသာလိုတော့တာကြောင့် လာမယ့်ရာသီမှာ အဲဒီပွဲအရေအတွက် ပြည့်ဖို့ အခြေအနေကောင်းနေပါပြီ။

Leighton Baines (Everton) ၊Signed: August 2007 ၊ Debut: August 2007

အဲဗာတန်နောက်ခံလူတစ်ဦးပဲဖြစ်သူ ဘိန်းစ် Leighton Baines ဟာ အသင်းရဲ့ လက်ရှိ သက်တမ်းအကြာဆုံး ကစားသမားတစ်ဦးဖြစ်ပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ ဘယ်နောက်ခံကစားသမား ဘိန်းစ်ဟာ ထိပ်သီးအသင်းတွေရဲ့ ကမ်းလှမ်းမှုရခဲ့ပေမယ့် အဲဗာတန်အသင်းမှာပဲ စွဲစွဲမြဲမြဲကစားနေသူပါ။ အခုလအစောပိုင်းက အဲဗာတန်အသင်းနဲ့ (၁)နှစ်စာချုပ်သက်တမ်းတိုးခဲ့လို့ ဘိန်းစ်ရဲ့ အဲဗာတန်ကစားသမားဘ၀ သက်တမ်းက စာချုပ်သစ်ကုန်ရင် (၁၂)နှစ်ပြည့်ပါပြီ။ နောက်ပိုင်းမှာ ဒစ်ဂ်နေး Lucas Digne က ဘယ်နောက်ခံလူအဖြစ် ပွဲထွက်ခွင့် ပိုရခဲ့ပေမယ့် ဘိန်းစ်ရဲ့ အတွေ့အကြုံကောင်းတွေကြောင့် နည်းပြ Marco Silva က သူ့ကို ပစ်ပယ်လို့ မရသေးပါဘူး။

Danny Rose (Tottenham) ၊ Signed: July 2007 ၊ Debut: August 2009

Danny Rose

၂၀၀၇ ခုနှစ်တုန်းက လိဒ်စ်အသင်းကနေ ပေါင်(၁)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ စပါးနောက်ခံလူ ဒန်နီရို့စ် Danny Rose ဟာ အခုဆိုရင်တော့ အဲဒီတုန်းက ပမာဏထက် အဆများစွာ တန်ဖိုးရှိတဲ့သူတစ်ဦးဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ရာသီတွေတုန်းက ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပေမယ့်လည်း အခုနာက်ပိုင်းမှာတော့ သူဟာ နည်းပြပိုချက်တီနို Mauricio Pochettino လက်စွဲ ကစားသမားတစ်ဦးအဖြစ် ပါဝင်ခွင့်ရရှိနေပြီဖြစ်ပါတယ်။

Mark Noble (West Ham) ၊ Signed: Academy graduate ၊ Debut: August 2004

ရိုင်ယန်ဂစ် Ryan Giggs ၊ ဂျရတ် Steven Gerrard ၊ လမ်းပတ် Lampard စတဲ့ ပရီးမီးယားလိဂ်ဂန္ထ၀င်တွေ နောက်ပိုင်း လေးစားစရာအကောင်းဆုံးက ၀က်စ်ဟမ်းအသင်း ကွင်းလယ်လူ နိုဘယ်လ် Mark Noble ပါပဲ။ အာဆင်နယ်အကယ်ဒမီကနေ ၀က်စ်ဟမ်းအကယ်ဒမီကို ရောက်ရှိခဲ့သူ နိုဘယ်လ်ဟာ အသက်(၁၇)နှစ်အရွယ်မှာပဲ စီနီယာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တယ်။ အခုဆိုရင် နိုဘယ်လ်ရဲ့ ၀က်စ်ဟမ်းကစားသမားဘ၀က (၁၅)နှစ်အထိရှိနေပြီဖြစ်သလို အသင်းအတွက် ပွဲပေါင်း(၄၆၇)ပွဲအထိ ကစားခဲ့ပြီးပါပြီ။

ပရီးမီးယားလိဂ် ကလပ်တစ်သင်းတည်းမှာ နှစ်ပေါင်းများစွာ ကစားခဲ့သူတွေကိုတော့ မဖြစ်မနေချီးကျုးရမှာပါပဲ။ မော်ဒန်ဘောလုံးလောကရဲ့ တောင်းဆိုမှုအရ ကစားသမားတစ်ဦး အသင်းမှာ နှစ်အကြာကြီး ကစားဖို့ဆိုတာက ခက်ခဲလာသလို၊ တခြားအသင်းတွေရဲ့ မက်မောလောက်စရာ ကမ်းလှမ်းမှုကို ငြင်းဆန်ရဲတဲ့ သတ္တိရှိမှလည်းဖြစ်မှာပါ။ ဒီကစားသမားတွေအနေနဲ့ တစ်ချိန်ချိန်မှာ အသင်းနဲ့ လမ်းခွဲဖြစ်ခဲ့ရင်လည်း ပရိသတ်တွေရဲ့ ရင်ထဲ အမြဲရှိနေမှာပဲဖြစ်ပါတော့တယ် . .

REF:talksport
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com