ဂျူဗင်တပ်စ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ဒဏ်ရာက ပြန်သက်သာလာပြီဖြစ်တာကြောင့် အေဂျက်စ်နဲ့ကစားမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ရှိနေလို့ ဂျူဗင်တပ်စ်အသင်းအတွက် သတင်းကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ မတ်လ(၂၅)ရက်က ဆားဘီးယားနဲ့ ပေါ်တူဂီအသင်း ကစားခဲ့တဲ့ပွဲမှာ ညာဘက်ပေါင်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး သတ်မှတ်ထားထက် ရက်မတိုင်ခင် ဒဏ်ရာက စောစောစီးစီး သက်သာလာတာဖြစ်ပါတယ်။ ကနဦး စမ်းသပ်စစ်ဆေးမှုတွေအရ စီရော်နယ်လ်ဒိုရဲ့ ဒဏ်ရာဟာ ပြင်းထန်မယ့်အနေအထားရှိလို့ အေဂျက်စ်နဲ့ ပထမအကျော့ကို လွဲချော်ဖို့ရှိတယ်ဆိုပြီး သတင်းထွက်ခဲ့ပါတယ်။

ဒါပေမဲ့ စီရော်နယ်လ်ဒိုရဲ့ ဒဏ်ရာက မထင်မှတ်လောက်အောင် အလျင်အမြန်သက်သာလာတာကြောင့် အေဂျက်စ်နဲ့ပွဲမှာ ပါဝင်ကစားဖို့ရှိနေတာပါ။ ဂျူဗင်တပ်စ်အသင်းဟာ အခုတစ်ပတ်စနေနေ့မှာ အေစီမီလန်နဲ့ ပွဲကြီးပွဲကောင်း ကစားဖို့ရှိနေပြီး အဲဒီပွဲမှာတော့ စီရော်နယ်လ်ဒို ပါဝင်ကစားနိုင်မယ့်အနေအထားမရှိဘဲ နည်းပြအယ်လီဂရီ Massimiliano Allegri က သူ့ကို အနားပေးသွားဖို့ရှိနေပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း အကောင်းဆုံးပုံစံကို ဆက်ထိန်းထားနိုင်ဆဲဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နေပြီး ပြိုင်ပွဲစုံ(၃၆)ပွဲကစား (၂၄)ဂိုးသွင်းယူထားသူဖြစ်ပါတယ်။

REF:Marca
Photo:Televisa Deportes,Getty Images
Naing Linn(Akhayar)
www.akhayar.com