ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ လက်ရှိမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဘိုလော့နာကို ( ၁ – ၀ )နဲ့ အနိုင်ရရှိခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ စီရော်နယ်လ်ဒိုက ဘယ်ဘက်ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ပွဲချိန်ပြည့်လည်း အသင်းအတွက် ပါဝင်ကစားသွားခဲ့ပါတယ်။ ဒီလိုအနေအထားတွေကြောင့် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ စီရော်နယ်လ်ဒို ဟာ အသင်းဖော်တွေနဲ့ သီးခြားလေ့ကျင့်မှုပြုလုပ်ခဲ့ရပြီး သူ့ရဲ့ ဒဏ်ရာအခြေအနေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနဲ့ ဒီနေ့ ကြာသပတေးနေ့ရက်တွေမှာ စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ ဂျူဗင်တပ်စ်အသင်းက အတည်ပြုခဲ့ပါတယ်။

စီရော်နယ်လ်ဒို ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဂျူဗင်တပ်စ်အသင်းကို ယူရိုသန်း(၁၀၀)နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းရဲ့တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြကစားနေသလို စံချိန်မှတ်တမ်းတွေကို ချိုးဖျက်နေသူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စီရော်နယ်လ်ဒို ဟာ ဂျူဗင်တပ်စ်အသင်းအတွက် သွင်းဂိုး(၂၁)ဂိုးသွင်းယူထားသလို စီးရီးအေရဲ့သွင်းဂိုးအများဆုံးကစားသမား အဖြစ်လည်း ရပ်တည်နေသူဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ နာပိုလီအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဒီပွဲပြီးရင် အူဒီးနီးစ် ၊ အက်သလက်တီကိုအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်တာကြောင့် ပွဲကျပ်တွေကို ဆက်တိုက်ကစားသွားရမှာပဲဖြစ်ပါတယ်။ ဒီအခြေအနေမှာ စီရော်နယ်လ်ဒို ရဲ့ ဒဏ်ရာပြဿနာဟာ အသင်းအပေါ်ထိုးနှက်ချက်ကြီးမားခဲ့ပြီး စစ်ဆေးမှုတွေအရ ဒဏ်ရာပြင်းထန်ခြင်းမရှိပါစေနဲ့လို့ပဲ ဆုတောင်းရမှာဖြစ်ပါတယ်။

Ref: Sportskeeda
Photo: Goal.com , The Sun
Ko Kyue(Akhayar)
www.akhayar.com