ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော် ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo က သူ့ရဲ့ အဓိကပြိုင်ဘက် မက်ဆီ Lionel Messi နဲ့ တစ်ချိန်ချိန်ကျရင် အတူတူ ညစာစားခွင့်ရဖို့ မျှော်လင့်တယ်လို့ UEFA အကောင်းဆုံး ကစားသမားဆုပေးပွဲအခမ်းအနားမှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်ကစားသမားဘ၀ (၉)နှစ်တာကာလအတွင်း မက်ဆီနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ဆုဖလားတွေ၊ တစ်ဦးချင်းအကောင်းဆုံးဆုတွေကို ဘတစ်ပြန်ကျားတစ်ပြန် ရယူခဲ့တာပါ။

ဆုပေးပွဲအခမ်းအနားမှာ စီရော်နယ်လ်ဒိုက “ကျွန်တော်တို့နှစ်ဦးဟာ ဒီစင်မြင့်ကို (၁၅)နှစ်လောက် သူတစ်လှည့်ကိုယ်တစ်လှည့် သိမ်းပိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုအနေအထားမျိုးက ရှာမှရှားဖြစ်ပြီး ဘောလုံးသမိုင်းတစ်လျှောက်မှာ ကျွန်တော်တို့လို ဖြစ်ခဲ့တဲ့သူတွေ ရှိလားဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ စပိန်မှာ ကစားခဲ့တဲ့အချိန်တွေကို ကျွန်တော် သတိရမိပြီး ကျွန်တော်တို့နှစ်ဦးဟာ (၁၅)နှစ်လောက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတာပါ။ သူ့ကြောင့် ကျွန်တော့်ခြေစွမ်းပိုကောင်းလာသလို၊ ကျွန်တော့်ကြောင့်လည်း မက်ဆီ ပိုတိုးတက်လာပြီး ဒီလိုပြိုင်ဆိုင်မှုကြောင့် နှစ်ဦးစလုံး ဘောလုံးသမိုင်းမှာ အသိအမှတ်ပြုခံခဲ့ရတဲ့အတွက် ကောင်းမွန်တဲ့ပြိုင်ဆိုင်ခြင်းလို့ ပြောရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်က ကွင်းထဲမှာသာ ပြိုင်ဆိုင်မှု ပြင်းထန်ပေမယ့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့သူတွေဖြစ်ပြီး အခုလောလောဆယ် ကျွန်တော်တို့နှစ်ဦး ညစာအတူ စားခွင့်မရသေးပေမယ့် တစ်ချိန်ချိန်ကျရင်ဖြစ်လာဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ အစီအစဉ်တင်ဆက်သူက ဘောလုံးသမားဘ၀ကနေ မက်ဆီ အနားယူတဲ့အထိ ဆက်ရှိနေဦးမလားလို့ မေးမြန်းခဲ့တော့ စီရော်နယ်လ်ဒိုက “သူက ကျွန်တော့်ထက် (၂)နှစ်လောက်ငယ်တယ်လေ။ ဒါပေမဲ့ အခုအသက်အရွယ်မှာလည်း ကျွန်တော်ရဲ့ အနေအထားက အကောင်းဆုံးရှိနေဆဲပါပဲ။ ဒီအခမ်းအနားကို နောက်ထပ်(၂)နှစ်၊ (၃)နှစ်လောက် တက်ရောက်နိုင်အောင် ကြိုးစားမှာဖြစ်တာကြောင့် ကျွန်တော့်ကို မုန်းတီးနေတဲ့သူတွေကတော့ ဒီနေရာမှာ ကျွန်တော့်ကို ထပ်တွေ့ရဦးမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ UEFA အကောင်းဆုံးကစားသမားဆုကို (၃)ကြိမ်၊ မက်ဆီက (၂)ကြိမ်ရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် Virgil van Dijk က သူတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဒီဆုကို မက်ဆီနဲ့ စီရော်နယ်လ်ဒို တစ်ဦးဦး မရတာ (၂)နှစ်ဆက်တိုက် ရှိသွားပါပြီ။

REF:Daily Mail
Photo:Twitter
Naing Linn(Akhayar)
www.akhayar.com