စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့အတွက် ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ အီတလီမြေကို ခြေချပြီး ပထမဆုံးရာသီမှာပဲ အီတလီစူပါဖလား၊ စီးရီးအေဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။ သွင်းဂိုး၊ ဂိုးဖန်တီးမှုအပိုင်းမှာ ပြီးခဲ့တဲ့ရာသီတွေလောက် မကောင်းခဲ့ဘဲ ပြိုင်ပွဲစုံမှာ (၂၈)ဂိုးသာ သွင်းယူခဲ့တာကြောင့် ၂၀၀၉ ခုနှစ်နောက်ပိုင်း သွင်းဂိုး(၃၀)နဲ့အထက် မရခဲ့တဲ့ ပထမဆုံးရာသီ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီရာသီဟာ စီရော်နယ်လ်ဒိုအတွက် စီးရီးအေပထမဆုံးရာသီဆိုတာ မေ့မထားသင့်ပါဘူး။ အသက်အရွယ်ရလာပြီဖြစ်ပေမယ့် ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းက အရင်လို ပြင်းထန်နေဆဲဖြစ်ပြီး လာမယ့်ရာသီကျရင် ဘယ်လိုမျိုး အောင်မြင်မှုတွေ ထပ်ယူဦးမလဲဆိုတာလည်း စိတ်ဝင်စားစရာပါ။ ဒ့ါအပြင် ဒီရာသီမှာ စီရော်နယ်လ်ဒို ရရှိခဲ့တဲ့ စံချိန်မှတ်တမ်းကောင်းတွေက မနည်းပါဘူး။ ဒါကြောင့် ၂၀၁၈-၁၉ မှာ စီရော်နယ်လ်ဒို ဘယ်လိုစံချိန်မှတ်တမ်းကောင်းတွေ ရရှိခဲ့လဲဆိုတာ စီရော်နယ်လ်ဒိုပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . .

ချန်ပီယံလိဂ်နိုင်ပွဲ(၁၀၀)ပြည့်ခဲ့တဲ့ ပထမဆုံးကစားသမား

ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက ဗလင်စီယာအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မန်ဇူကစ် Mario Mandžukić ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ အဲဒီပွဲအပြီးမှာပဲ ချန်ပီယံလိဂ်နိုင်ပွဲ (၁၀၀)ပြည့်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ စီရော်နယ်လ်ဒိုအနေနဲ့ ဂျူဗင်တပ်စ်အသင်းကို ကွာတားဖိုင်နယ်အထိ ရောက်အောင် ပို့ဆောင်နိုင်ခဲ့ပြီး အေဂျက်စ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံဆု မျှော်လင့်ချက်နဲ့ ဝေးကွာခဲ့ရတာပါ။

ဂျူဗင်တပ်စ်အသင်းအတွက် ပထမဆုံး(၁၄)ပွဲမှာ (၁၀)ဂိုးသွင်းခဲ့သူ

ဒီဇင်ဘာလမှာ ဖီအိုရင်တီးနားအသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲမှာ စီရော်နယ်လ်ဒိုဟာ ပယ်နယ်တီကနေ တတိယမြောက်ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒါဟာ စီရော်နယ်လ်ဒိုအတွက် (၁၀)ဂိုးမြောက်ဖြစ်ခဲ့ပြီး ၁၉၅၇ ခုနှစ်တုန်းက ဂျူဗင်တပ်စ်တိုက်စစ်မှူး ဂျွန်ချားလ်စ် John Charles နောက်ပိုင်း စီးရီးအေ ပထမဆုံးရာသီ ပွဲစဉ်(၁၄)ပွဲကစားအပြီးမှာ (၁၀)ဂိုးသွင်းယူခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြန်တယ်။

စီးရီးအေမှာ သွင်းဂိုးအများဆုံး ပေါ်တူဂီကစားသမား

စီရော်နယ်လ်ဒိုရဲ့ နောက်ထပ်စံချိန်ကောင်းတစ်ခုက စီးရီးအေမှာ သွင်းဂိုးအများဆုံး ပေါ်တူဂီကစားသမားအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့တာပါပဲ။ ဒီဇင်ဘာလမှာပဲ ဆမ်ဒိုးရီးယားကို အနိုင်ရခဲ့တဲ့ပွဲအပြီး (၁၄)ဂိုးအထိ သွင်းယူခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီနဲ့ ဂျူဗင်တပ်စ်ကစားသမားဟောင်း ရူအီဘားရို့စ် Rui Barros ရဲ့ မှတ်တမ်းကို အမီလိုက်နိုင်ခဲ့ပြီး အခုအချိန်မှာတော့ စံချိန်သစ်တင်နိုင်ခဲ့ပါပြီ။

တစ်ရာသီအတွင်း စီးရီးအေအဝေးကွင်းပွဲဆက် အများဆုံးဂိုးသွင်းသူ

ဆာဆူအိုလိုကို (၃)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ စီရော်နယ်လ်ဒိုဟာ ကိုယ်တိုင်ဂိုးသွင်းခဲ့သလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့တယ်။ အဲဒါကြောင့် တစ်ရာသီအတွင်း စီးရီးအေအဝေးကွင်း (၉)ပွဲဆက် အနည်းဆုံးတစ်ဂိုး သွင်းယူခဲ့တဲ့သူအဖြစ် ဂန္ထ၀င်ကစားသမားကြီး ဆစ်ဂ်ညော်ရီ Giuseppe Signori ရဲ့စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဟက်ထရစ် စံချိန်မှတ်တမ်းများ

အက်သလက်တီကိုအသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲမှာ စီရော်နယ်လ်ဒိုအတွက် ချန်ပီယံလိဂ်ဟက်ထရစ်စံချိန်မှတ်တမ်းကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။ အဲဒါတွေကတော့ ချန်ပီယံလိဂ်မှာ အသက်အကြီးဆုံး ဟက်ထရစ်သွင်းခဲ့သူ (၃၄နှစ်၊ ၃၅ရက်)၊ ချန်ပီယံလိဂ်မှာ ဟက်ထရစ်အကြိမ်အများဆုံး သွင်းယူခဲ့သူ (၈ ကြိမ် – မက်ဆီ Lionel Messi နဲ့ပူးတွဲ)စတဲ့ စံချိန်တွေပါပဲ။ ဒါ့အပြင် စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် (၁၂၅)ဂိုးသွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

ထိပ်သီးလိဂ်ပြိုင်ပွဲ(၃)ခုမှာ ချန်ပီယံဖြစ်ခဲ့သူ

ဧပြီလ(၂၀)ရက်နေ့မှာ ဖီအိုရင်တီးနားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေချန်ပီယံဆုကို (၈)နှစ်ဆက် ရယူခဲ့ပါတယ်။ အဲဒါကြောင့် စီရော်နယ်လ်ဒိုဟာ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေဆုဖလားတွေကို ရယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ကစားသမားဘ၀တစ်လျှောက် ကလပ်အသင်း သွင်းဂိုး(၆၀၀)ပြည့်ခဲ့တဲ့ ပထမဆုံးကစားသမား

အဓိကပြိုင်ဘက် အင်တာမီလန်နဲ (၁)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ အသင်းအတွက် ချေပဂိုးသွင်းယူခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ ကစားသမားဘ၀တစ်လျှောက် ကလပ်အသင်းသွင်းဂိုး(၆၀၀)ပြည့်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ရက်ပိုင်းအကြာမှာပဲ သူ့ရဲ့မဟာပြိုင်ဘက် မက်ဆီက အဲဒီစံချိန်ကို အမီလိုက်နိုင်ခဲ့တယ်။

အသက်(၃၄)နှစ်အရွယ်ရောက်နေပြီဖြစ်ပေမယ့် စီရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်က ဆိုးဆိုးရွားရွား ကျဆင်းသွားတာမျိုး မရှိဘူးဆိုတာ ဒီမှတ်တမ်းတွေက သက်သေပါပဲ။ လာမယ့်ရာသီမှာသာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်မယ်ဆိုရင်တော့ စီရော်နယ်လ်ဒိုအတွက် ကျေနပ်စရာအကောင်းဆုံး အောင်မြင်မှုအဖြစ် သတ်မှတ်ရမှာဖြစ်ပါတော့တယ် . . .

REF:UEFA,Wikipedia
Photo:AS,The National,Juventus,Cronachedi.
Naing Linn(Akhayar)
www.akhayar.com