နာမည်ကျော် အမေရိကန် ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ EA ဟာ လာမယ့်စက်တင်ဘာ (၂၄)ရက်ကျရင် ဈေးကွက်ထဲ ဖြန့်ချိမယ့် FIFA 2020 ဂိမ်းခွေသစ်မှာ ပါဝင်တဲ့ ကစားသမားတစ်ဦးချင်းစီကို Rating သတ်မှတ်ခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ Lionel Messi က Rating 94 အထိ ရှိတာကြောင့် စီရော်နယ်လ်ဒို Cristiano Ronaldo ပရိသတ်တွေ ပေါက်ကွဲနေကြပါတယ်။ ဂျူဗင်တပ်စ်အသင်း နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုကတော့ မက်ဆီထက် တစ်ပွိုင့်လျော့နည်းခဲ့ပြီး 93 နဲ့ ဒုတိယအကောင်းဆုံးဖြစ်နေတာပါ။ ဒါပေမဲ့ စီရော်နယ်လ်ဒိုဟာ စွမ်းဆောင်ရည်တစ်ခုချင်းစီအလိုက်ဖြစ်တဲ့ Pace ၊ Shooting ၊ Physicality အပိုင်းတွေမှာ မက်ဆီထက် သာခဲ့ပြီး Skill Moves က 5 Stars ရခဲ့ပေမယ့် မက်ဆီကတော့ Four Stars သာ ရခဲ့ပါတယ်။

ဒါပေမဲ့လည်း မက်ဆီဟာ Dribbling မှာ Rating 96 ၊ Passing မှာ 92 အထိ သတ်မှတ်ခဲ့ထားရပြီး Overall Rating မှာ စီရော်နယ်လ်ဒိုထက် သာနေတာကြောင့် စီရော်နယ်လ်ဒိုရဲ့ အမာခံပရိသတ်တွေက မကျေမနပ်ဖြစ်နေကြတာပါ။ သူတို့နှစ်ဦးပြီးရင်တော့ PSG အသင်းတိုက်စစ်မှူး နေမာ Neymar က Rating 92 နဲ့ တတိယအကောင်းဆုံးဖြစ်နေပြီး ထူးခြားတာက လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက် Virgil Van Dijk ရဲ့ Rating က 85 ကနေ 90 အထိမြင့်တက်လာသလို အက်သလက်တီကိုဂိုးသမား အိုဘလက်ခ် Jan Oblak ကလည်း 90 ကနေ 91 ကို မြင့်တက်လာခဲ့ပါတယ်။

REF:The Sun
Photo:Twitter,AFP
Naing Linn(Akhayar)
www.akhayar.com