(၁၀)စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး သွင်းဂိုးမှတ်တမ်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စီရော်နယ်လ်ဒိုဟာ ၂၀၁၈-၁၉ ရာသီ စီးရီးအေအကောင်းဆုံးအသင်းမှာ အံ့အားသင့်စရာကောင်းလောက်အောင် ရွေးချယ်ခံရခြင်း မရှိခဲ့ပါဘူး။ ၂၀၁၈ နွေရာသီမှာ ပေါင်(၉၉)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်ကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ ပြိုင်ပွဲစုံ(၂၈)ဂိုးသွင်း၊ အသင်းနဲ့အတူ အီတလီစူပါဖလား၊ စီးရီးအေဖလားတွေ ရယူနိုင်ခဲ့ပေမယ့် ၂၀၀၉ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲစုံမှာ သွင်းဂိုး(၃၀)မကျော်ခဲ့တဲ့ ပထမဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းမှာ ကစားခဲ့တုန်းက ၂၀၀၈-၀၉ ရာသီမှာ ပြိုင်ပွဲစုံ (၂၆)ဂိုးသာ သွင်းယူခဲ့ပြီးနောက်ပိုင်း ဂိုး(၃၀)အောက်ဆိုတာ မရှိတော့ဘဲ အခု ဂျူဗင်တပ်စ်ကစားသမားဘ၀မှာ အဲဒီမှတ်တမ်းဆိုးနဲ့ ပြန်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

၂၀၁၈-၁၉ ရာသီ စီးရီးအေ(၁)နှစ်တာအကောင်းဆုံးအသင်းရဲ့ တိုက်စစ်နေရာမှာ အတ္တလန်တာအသင်း တိုက်စစ်ကစားသမားတွေဖြစ်တဲ့ဇာပါတာ Duvan Zapata ၊ အီလီချစ် Josip Ilicic နဲ့ နာပိုလီကစားသမား မာတင်စ် Dries Mertens တို့က စီရော်နယ်လ်ဒိုကို ကျော်ပြီးရွေးချယ်ခံခဲ့ရပါတယ်။ နောက်ထပ် အံ့အားသင့်စရာတစ်ချက်က ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီ စီးရီးအေဖလားကို (၈)နှစ်ဆက်ရရှိခဲ့ပေမယ့် အခု အကောင်းဆုံးအသင်းမှာ ဂျူဗင်တပ်စ်ကစားသမား (၂)ဦးသာ ပါဝင်ခဲ့ပြီး သူတို့ကတော့ ညာနောက်ခံလူ ကန်ဆယ်လို Joao Cancelo နဲ့ ကွင်းလယ်လူ ယာနစ် Miralem Pjanic တို့ပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ (၂၆)ဂိုးသွင်းယူပြီး သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့တဲ့ ဆမ်ဒိုးရီးယား ၀ါရင့်တိုက်စစ်မှူး ကွာဂလီယာရယ်လာ Fabio Quagliarella လည်း အခုစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

REF:The Sun
Photo:Middle East Monitor,The Sun
Naing Linn(Akhayar)
www.akhayar.com