ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ကတော့ သူနဲ့ မဟာပြိုင်ဘက် မက်ဆီ Lionel Messi တို့ကြားက ကွာဟချက်ကို လူသိရှင်ကြားဖွင့်ချလိုက်ပါပြီ။ စီရော်နယ်လ်ဒိုနဲ့ မက်ဆီဆိုတာက ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်ကစလို့ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်ဖြစ်ခဲ့ကြပြီး ဆုဖလားတွေ၊ တစ်ဦးချင်းဆုတံဆိပ်တွေကို အပြန်အလှန်ရယူနေကြသူတွေပါ။ ဒါ့အပြင် စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့မှာ ဘယ်သူဟာ အကောင်းဆုံးလဲဆိုတဲ့ မေးခွန်းက သူတို့နှစ်ဦး ပရိသတ်တွေကြားမှာ ငြင်းခုန်လို့အကောင်းဆုံး မေးခွန်းတစ်ခုဖြစ်နေပါတယ်။ အခုအချိန်မှာတော့ စီရော်နယ်လ်ဒိုဟာ မက်ဆီနဲ့ သူ့ကြားက ကွာဟချက်က ဘာများလဲဆိုတာကို ဖွင့်ချလိုက်တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုက “ကျွန်တော်နဲ့ မက်ဆီတို့ရဲ့ ခြားနားချက်က ကျွန်တော်ဟာ ကလပ်အသင်းအများကြီးမှာ ကစားခဲ့သလို ချန်ပီယံလိဂ်ဖလားကို မတူညီတဲ့အသင်းတွေနဲ့ ရယူခဲ့တာပါပဲ။ ချန်ပီယံလိဂ်မှာ (၆)ရာသီဆက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်ခဲ့တယ်။ ချန်ပီယံလိဂ်ဖလားကို (၅)ကြိမ်အထိ ရခဲ့သူက သိပ်အများကြီး မရှိပါဘူး။ အဲဒါကြောင့် ကျွန်တော်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ဦးချင်း မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ကစားသမားဘ၀တစ်လျှောက်မှာ မန်ယူနဲ့ ချန်ပီယံလိဂ်(၁)ကြိမ်၊ ရီးယဲလ်နဲ့ (၄)ကြိမ်ရရှိခဲ့ပြီး မက်ဆီကတော့ ဘာစီလိုနာတစ်သင်းတည်းနဲ့ ချန်ပီယံလိဂ်(၄)ကြိမ် ရရှိခဲ့တာကြောင့် အဲဒီအချက်ကို စီရော်နယ်လ်ဒိုက လှောင်ပြောင်ခဲ့တာပါပဲ။

(Akhayar Sports မှ ဖော်ပြခဲ့တဲ့ ဘောလုံးသတင်းဆောင်းပါးတွေကို Dagon Beer မှ ကူညီပံ့ပိုးပေးထားပါသည်)

ဒါ့အပြင် မက်ဆီနဲ့ ပတ်သက်ပြီးတော့လည်း စီရော်နယ်လ်ဒိုက “မက်ဆီဟာ အံ့သြလောက်စရာကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး Ballon d’Or ဆုရခဲ့တာတစ်ခုတည်းတင် မဟုတ်ဘဲ သူ့ရဲ့ခြေစွမ်းအရ မက်ဆီကို လူတိုင်းက နှစ်စဉ်နှစ်တိုင်း အမြဲအမှတ်ရနေမှာပါ။ ကျွန်တော့်လိုပေါ့။ မနက်တိုင်း ကျွန်တော်နိုးလာပြီဆိုရင် လေ့ကျင့်ရေးကွင်းမှာ ခြေစွမ်း ဒီထက်ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အမြဲစဉ်းစားလေ့ရှိပါတယ်။ ဒါဟာ ငွေတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ဘောလုံးသမိုင်းမှာ ကျွန်တော် အသိအမှတ်ပြုခံရမယ့်နေရာတစ်ခု ရချင်လို့ပါပဲ”လို့ ပြောခဲ့ပါတယ်။

MESSI VS RONALDO IN THE CHAMPIONS LEAGUE
Games: Ronaldo (162) – Messi (135)
Goals: Ronaldo (126) – Messi (112)
Assists: Ronaldo (45) – Messi (31)
Trophies: Ronaldo (5) – Messi (4)

REF:Daily Mail
Photo:Cristiano Ronaldo Facebook, Leo Messi Facebook
Naing Linn(Akhayar)
www.akhayar.com