ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ လစ်သူယေးနီးယား (၁-၅)ပေါ်တူဂီပွဲစဉ်မှာ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့ပါတယ်။ ဒီပွဲမှာ စီရော်နယ်လ်ဒို ဟာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး တစ်ဦးတည်း (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ကစားသမားဘ၀ နိုင်ငံနဲ့ ကလပ် (၂)သင်းပေါင်း (၅၄)ကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့ပါတယ်။ စီရော်နယ်လ်ဒို ရရှိခဲ့တဲ့ စံချိန်မှတ်တမ်းကောင်းကတော့ ယူရိုခြေစစ်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းကောင်းဖြစ်ပြီး သွင်းဂိုး(၂၅)ဂိုး နဲ့ အိုင်ယာလန်တိုက်စစ်မှူးဟောင်း ရော်ဘီကိန်း Robbie Keane ရဲ့ သွင်းဂိုး(၂၃)ဂိုးကို ကျော်ဖြတ်ခဲ့တာပါ။

ဒါ့အပြင် စီရော်နယ်လ်ဒို ဟာ မတူညီတဲ့ နိုင်ငံပေါင်း(၄၀)ကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ စီရော်နယ်လ်ဒို ဟာ အသက်(၃၄)နှစ်ရှိနေပြီ ဖြစ်ပေမယ့် ခြေစွမ်းကတော့ ထိပ်တန်းအဆင့်မှာရှိနေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ နိုင်ငံတကာ သွင်းဂိုး(၉၃)ဂိုးထိ သွင်းယူထားတာကြောင့် အီရန်တိုက်စစ်မှူးဟောင်း Ali Daei (၁၀၉)ဂိုး ရဲ့နောက် ဒုတိယမြောက် နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစာသမားအဖြစ်လည်း ရပ်တည်နေပါတယ်။ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု(B)မှာပါဝင်နေတဲ့ ပေါ်တူဂီအသင်းဟာ ခြေစစ်ပွဲစဉ်(၄)ပွဲကစားအပြီးမှာ (၂)ပွဲနိုင် ၊ (၂)ပွဲသရေ ရမှတ် (၈)မှတ်နဲ့ အုပ်စုဒုတိယနေရာမှာရှိနေပါတယ်။

Ref: Foxsportsasia , Bleacher Report Football
Photo: Portugal Twitter , The Sun
Ko Kyue(Akhayar)
www.akhayar.com