မနက်ဖြန် မနက်အစောပိုင်းမှာတော့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်အဖြစ် ဘာစီလိုနာ – ဗလင်စီယာပွဲစဉ်ရှိနေပြီး ဘာစီလိုနာအသင်းအနေနဲ့ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံဆုကို (၅)နှစ်ဆက် ရယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဘာစီလိုနာ – ဗလင်စီယာ ( တနင်္ဂနွေမနက် ၁း၃၀ နာရီ )

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ လီဗာပူးလ်ကို ရှုံးပြီးနောက် ခြေစွမ်းပိုင်းကျဆင်းမှု အနည်းငယ်ရှိလာခဲ့ပြီး ဒီအချက်ကို ပြီးခဲ့တဲ့လာလီဂါပွဲစဉ်တွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်ရှိ ဘာစီလိုနာအသင်းရဲ့ ခြေစွမ်းဟာ ထင်သလောက် အားရစရာမကောင်းဘဲ ဒီအချိန်မှာ အသင်းရဲ့ အဓိကကစားသမားတွေဖြစ်ကြတဲ့ စတီဂန် Stegen နဲ့ ဆွာရက်ဇ် Suarez တို့ကလည်း ဒဏ်ရာပြဿနာတွေကြောင့် ဒီပွဲကိုလွဲချော်မှာဖြစ်ပါတယ်။ ဒီအနေအထားတွေကြောင့် ဘာစီလိုနာအသင်းမှာ အားနည်းချက်တွေများနေပြီး ဒီရာသီ ဗလင်စီယာအသင်းနဲ့ တွေ့ဆုံမှုတွေမှာလည်း သရေရလဒ်တွေသာ ထွက်ပေါ်ထားလို့ အခုပွဲမှာရလဒ်ကောင်းရဖို့အတွက် ပုံမှန်ထက်ပိုအားစိုက်သွားဖို့ လိုအပ်နေပါတယ်။ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ Valverde မှာလည်း ဖိအားတွေများနေပြီး ဒီပွဲမှာသာ အနိုင်ရလဒ်မယူနိုင်ခဲ့ရင် သူ့ရဲ့အနာဂတ်ကလည်း အပြောင်းအလဲတွေဖြစ်သွားနိုင်ပါတယ်။

ဗလင်စီယာအသင်းကတော့ ဒီရာသီလာလီဂါမှာ အဆင့်(၄)နဲ့ ရာသီသိမ်းထားပြီး လက်ရှိခြေစွမ်းပိုင်းနဲ့ လူစာရင်းပိုင်း တောင့်တင်းခိုင်မာမှုရှိတာကြောင့် ဘာစီလိုနာအသင်းကို ကောင်းကောင်းကြီး အံတုလာနိုင်မှာကတော့ သေချာနေပါတယ်။ ပြီးခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွေလိုမျိုး ဘာစီလိုနာအသင်း လွယ်လွယ်ကူကူနဲ့တော့ နိုင်ဖို့မရှိဘဲ ဗလင်စီယာအသင်းကို ခက်ခက်ခဲခဲ ကစားသွားရဖို့ရှိနေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းမှာ ပွဲအဖြေကိုပြောင်းလဲပေးနိုင်တဲ့ မက်ဆီ Messi ရှိနေတာကြောင့် အနိုင်ရလဒ်အတွက်တော့ ဘာစီလိုနာအသင်းကိုပဲ ရွေးချယ်ချင်ပြီး ဘာစီလိုနာ ( ၂ – ၁ ) ဗလင်စီယာရလဒ်မျိုး အကြိုက်တွေ့မိပါတယ်။

ဘာစီလိုနာ – ဗလင်စီယာ ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး(၅)ကြိမ်

Barcelona 2 – 2 Valencia
Valencia 1 – 1 Barcelona
Barcelona 2 – 1 Valencia
Valencia 0 – 2 Barcelona
Barcelona 1 – 0 Valencia

Photo: Valencia Twitter , Reportminds.com , Barca Blaugranes , Evening Standard
Ko Kyue(Akhayar)
www.akhayar.com