၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စု(C)ရဲ့ ဂျပန် – ချီလီပွဲမှာတော့ ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံချီလီအသင်းက ( ၀ – ၄ )နဲ့ ဂျပန်ကို အနိုင်ရရှိခဲ့ပါတယ်။

ဂျပန် ၀ – ၄ ချီလီ

ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ချီလီအသင်းအတွက်တော့ အဖွင့်လှခဲ့တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ ချီလီအသင်းကိုတော့ ထုံးစံအတိုင်း ဗားဂတ်စ် Vargas ၊ ဆန်းချက်ဇ် Sanchez ၊ ဗီဒယ်လ် Vidal တို့ကဦးဆောင်လာခဲ့ပြီး ဆန်းချက်ဇ် လည်း ပုံစံကောင်းပြသနိုင်ခဲ့သလို ဂျပန်ဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်(၄၁)မိနစ်ရောက်မှ ချီလီအသင်း ဂိုးစရခဲ့တာဖြစ်ပြီး ကွင်းလယ်လူ Pulgar က ထောင့်ကန်ဘောကနေ ရရှိလာတဲ့ အခွင့်အရေးကို ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ဂျပန်အသင်း ချေပဂိုးပြန်ရနိုင်တဲ့ အခွင့်အရေးရရှိခဲ့ပေမယ့် အသုံးချနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒုတိယပိုင်းပွဲချိန်(၅၄)မိနစ်မှာတော့ ချီလီအသင်း ဒုတိယဂိုးရရှိခဲ့ပြီး တိုက်စစ်မှူး ဗားဂတ်စ် ရဲ့ကန်ချက် ဂျပန်ကစားသမားနဲ့ထိပြီး ဂိုးဝင်ခဲ့တာဖြစ်ပါတယ်။ (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်နေတဲ့ အချိန်မှာ ဂျပန်အသင်းဟာ ချီလီအသင်းဘက်ကို ဖိအားပေးကစားလာနိုင်ခဲ့ပြီး ဂိုးရနိုင်တဲ့ အပိုင်အခွင့်အရေး(၃)ကြိမ်လောက်ရရှိခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာကြောင့် အသင်းရဲ့ အဆုံးသတ်ပိုင်း အားနည်းမှုကို ထင်သာမြင်သာရှိစေခဲ့ပါတယ်။ ပွဲချိန်(၈၂)မိနစ်မှာတော့ ချီလီအသင်း တတိယဂိုးရရှိခဲ့ပြီး Aranguiz တင်ပေးလိုက်တဲ့ ဘောလုံးကို ဆန်းချက်ဇ် က ခေါင်းတိုက်သွင်းယူခဲ့တာပါ။ တတိယဂိုးရအပြီး (၁)မိနစ်အကြာ ပွဲချိန်(၈၃)မိနစ်မှာတော့ ချီလီအသင်း စတုတ္ထဂိုးထပ်ရခဲ့ပြီး တိုက်စစ်မှူး ဗားဂတ်စ် က ရှေ့တက်လာတဲ့ ဂျပန်ဂိုးသမား အိုဆာကို Osako ကို ကျော်ပြီးသွင်းယူခဲ့တာဖြစ်ပါတယ်။ ချီလီအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် လာမယ့်(၂၂)ရက်နေ့မှာ အီကွေဒေါအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

Photo: Chile Twitter
Ko Kyue(Akhayar)
www.akhayar.com