၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ကိုလံဘီယာ – ချီလီပွဲမှာတော့ ချီလီအသင်းက ပယ်နယ်တီမှာ ( ၄ – ၅ )နဲ့အနိုင်ရရှိခဲ့ပါတယ်။

ကိုလံဘီယာ ၀ – ၀ ချီလီ ( ပယ်နယ်တီ ၄ – ၅ )

ဒီပွဲမှာတော့ (၂)သင်းလုံးဟာ အဓိကကစားသမား အစုံအလင်နဲ့ လူစုံတက်စုံပွဲထွက်ခဲ့တာပါ။ ကိုလံဘီယာအသင်းဟာ ဒီပွဲမှာ ပုံစံကောင်းအနည်းငယ် ပျောက်ဆုံးနေခဲ့ပြီး ချီလီအသင်းရဲ့ ဖိအားပေးမှုခံခဲ့ရပါတယ်။ ပထမပိုင်းပွဲချိန်(၁၅)မိနစ်မှာ ချီလီအသင်း သွင်းဂိုးတစ်ဂိုးရရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ်သတ်မှတ်မပေးခဲ့လို့ နစ်နာခဲ့ရပါတယ်။ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချီလီအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ပြီး ခြေစွမ်းပြကစားနေတဲ့ တိုက်စစ်ကစားသမား ဆန်းချက်ဇ် Sanchez ဟာလည်း ဒီပွဲမှာ သူ့ရဲ့ပုံစံကောင်းကိုဆက်ပြနိုင်ခဲ့သလို ကိုလံဘီယာဘက်ကို ထိုးဖောက်တိုက်စစ်ဆင်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်မိနစ်(၇၀)မှာ ဗီလ်ဒယ် Vidal က ချီလီအသင်းအတွက် သွင်းဂိုးတစ်ဂိုးထပ်သွင်းယူပေးခဲ့ပေမယ့် ဘောလုံးကို သူမကန်ခင်မှာ ချီလီကစားသမားတစ်ဦးရဲ့ လက်နဲ့ထိခဲ့တာကြောင့် ဂိုးအဖြစ် သတ်မှတ်ပေးခြင်းမရှိခဲ့ပါဘူး။ ဒီပွဲဟာ ကိုလံဘီယာအသင်းရဲ့ ဒီပြိုင်ပွဲတစ်လျှောက် လိုအပ်ချက်အများဆုံးပွဲလို့ ပြောရမှာဖြစ်ပြီး ကံကောင်းနေလို့သာ ဂိုးတွေမပေးခဲ့ရတာပါ။ပွဲအပြီးမှာတော့ ဂိုးမရှိသရေကျနေခဲ့ကြတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ကြပြီး ကိုလံဘီယာအသင်းက (၄)ကြိမ်ဝင်အောင်ကန်နိုင်ခဲ့သလို ချီလီအသင်းက (၅)ကြိမ်လုံးဝင်အောင် ကန်သွင်းနိုင်ခဲ့တာကြောင့် ချီလီအသင်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ချီလီအသင်းအတွက် နောက်ဆုံးအနိုင်ဂိုး ပယ်နယ်တီကိုတော့ ဆန်းချက်ဇ် က ကန်သွင်းယူခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်မှာ ဥရုဂွေး – ပီရူးပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ကိုလံဘီယာ – ချီလီ ပယ်နယ်တီ အဆုံးအဖြတ်

ကိုလံဘီယာ – J. Rodríguez (၀င်) ၊ Cardona (၀င်) ၊ Cuadrado (၀င်) ၊ Mina (၀င်) ၊ Tesillo (မ၀င်)
ချီလီ – Vidal (၀င်) ၊ Vargas (၀င်) ၊ Pulgar (၀င်) ၊ Aránguiz (၀င်) ၊ Sanchez (၀င်)

Photo: FIFA World Cup Facebook , Selección Chilena
Ko Kyue(Akhayar)
www.akhayar.com