၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စု (B) ရဲ့ ပါရာဂွေး – အာဂျင်တီးနားပွဲမှာတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ပါရာဂွေး ၁ – ၁ အာဂျင်တီးနား

အာဂျင်တီးနားအသင်းဟာ ဒီပွဲမှာ ပထမပွဲက လူစာရင်းကို အပြောင်းအလဲတွေလုပ်လာခဲ့ပြီး အဂွဲရိုး Aguero ၊ ဒီမာရီယာ Di Maria တို့ကတော့ အရန်ခုံမှာသာရှိနေခဲ့ပါတယ်။ ထုံးစံအတိုင်း အာဂျင်တီးနားအသင်းရဲ့ တိုက်စစ်ကိုတော့ မက်ဆီ Messi က ဦးဆောင်ကစားခဲ့ပြီး အသင်းကစားပုံကတော့ ထင်သလောက်မကောင်းခဲ့ပါဘူး။ ပါရာဂွေးအသင်းကလည်း အာဂျင်တီးနားဘက်ကို ဖိအားပေးမှုတွေပြုလုပ်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု တချို့လုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၃၇)မိနစ်မှာတော့ ပါရာဂွေးအသင်း ဦးဆောင်ဂိုးစရခဲ့ပြီး အယ်မီရွန် Almiron ချိုးပေးလိုက်တဲ့ ဘောလုံးကို ဆန်းချက်ဇ် Sanchez က ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ အာဂျင်တီးနားအသင်းဟာ Pereyra အစား အဂွဲရိုး ကို ထည့်သွင်းပြီး တိုက်စစ်မြင့် ကစားခဲ့ပါတယ်။ အဂွဲရိုး ၀င်လာပြီးနောက်ပိုင်းမှာတော့ အာဂျင်တီးနားအသင်း တိုက်စစ်သွက်လာခဲ့ပြီး ပွဲချိန်(၅၇)မိနစ်မှာတော့ ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပါတယ်။ ဒီပယ်နယ်တီကိုတော့ မက်ဆီ က အမှားအယွင်းမရှိ အဆုံးသတ်ခဲ့ပြီး အာဂျင်တီးနားအသင်းအတွက် ချေပဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ပွဲချိန်(၆၃)မိနစ်မှာတော့ အော်တာမန်ဒီ Otamendi ရဲ့ ဖျက်ထုတ်မှုကြောင့် ပါရာဂွေးအသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ဂွန်ဇာလက်ဇ် Gonzalez ကန်သွင်းခဲ့ပေမယ့် အာဂျင်တီးနားဂိုးသမား အာမာနီ Armani ကာကွယ်နိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အာဂျင်တီးနားအသင်းဟာ ဒီမာရီယာ ကိုပါ ထည့်သွင်းပြီး ကစားခဲ့ပေမယ့် အနိုင်ဂိုးရှာဖွေနိုင်ခဲ့ခြင်းမရှိဘဲ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အုပ်စု (B) ရဲ့ နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကိုလံဘီယာ – ကာတာ ပွဲမှာ တိုက်စစ်မှူး ဇာပါတာ Zapata ရဲ့ ပွဲချိန်(၈၆)မိနစ်ဂိုး နဲ့ ကိုလံဘီယာအသင်း ( ၁ – ၀ )နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းကတော့ နောက်တစ်ဆင့်အတွက် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကာတာ ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေသလို ကိုလံဘီယာ – ပါရာဂွေးပွဲစဉ်ရလဒ်ကိုလည်း စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။

Photo: Argentina Twitter , Messi Twitter
Ko Kyue(Akhayar)
www.akhayar.com