လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က မြန်မာ့ရုပ်မြင်သံကြားရဲ့ စနေ၊ တနင်္ဂနွေ နေ့လည်ခင်းအချိန်တွေဆို လာတတ်တဲ့ ဟင်းချက်အစီအစဉ်တစ်ခုရှိပါတယ်။ ဒီလိုပြောလိုက်ရင် တချို့တွေကတော့ ဘာအစီအစဉ်လဲဆိုတာ ချက်ချင်းသိတဲ့သူတွေလည်း ရှိပါလိမ့်မယ်။ ဒါကဘာလဲဆိုတော့ Yan Can Cook ဟင်းချက်အစီအစဉ်ပဲ ဖြစ်ပါတယ်။ Episode ၁၅၀၀ ကျော်ရှိတဲ့ Yan Can Cook ဟင်းချက်အစီအစဉ်ကို မြန်မာနိုင်ငံမှာပဲ ထုတ်လွှင့်ခဲ့တာ မဟုတ်ပါဘူး။ ဗီယက်နမ်နိုင်ငံ၊ အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်တွေမှာပါ ထုတ်လွှင့်ပြသခဲ့ပါတယ်။

၁၉၈၂ ခုနှစ်မှာ စထုတ်လွှင့်ခဲ့တဲ့ Yan Can Cook ဟာ တရုတ်နိုင်ငံမှာ ရှေ့ပြေးအဖြစ်ဦးဆောင်ခဲ့တဲ့ ဟင်းချက်အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ Yan Can Cook အစီအစဉ်ရဲ့ ပဲ့ကိုင်ရှင် Martin Yan ဟာ သူ့ရဲ့ဟင်းချက်စွမ်းရည်ကိုပြရုံမဟုတ်ဘဲ ကြည့်နေတဲ့ ပရိသတ်တွေကိုပါ ပျော်ရွှင်အောင် လုပ်ပေးနိုင်စွမ်းရှိသူပါ။ မကြာသေးခင်အချိန်ကအထိ သူဟာ Iron Chef ဟင်းချက်ပြိုင်ပွဲတွေလို အစီအစဉ်မှာ ဒိုင်လူကြီးအနေနဲ့ ပါဝင်နေရသူလည်း ဖြစ်ပါတယ်။

သူ့ဝက်ဘ်ဆိုက်ကို ဝင်ကြည့်မယ်ဆိုရင်တော့ သူ့ဆောင်ပုဒ်ဖြစ်တဲ့ “Yan Can Cook, So Can You!” ဆိုတာကို ပထမဆုံးမြင်ရမှာပဲ ဖြစ်ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်အဖေနဲ့ ကုန်စုံဆိုင်ဖွင့်ထားတဲ့ အမေက မွေးဖွားလာတဲ့ Yan ဟာ ဟင်းချက်တဲ့အမွေကို လက်ဆင့်ကမ်းခံယူခဲ့တဲ့ ဒုတိယမျိုးဆက်လို့ ပြောလို့ရပါတယ်။  အခုလက်ရှိ သူ့အောင်မြင်မှုတွေကို ကြည့်မယ်ဆိုရင်ပဲ မိဘတွေထက် လက်စောင်းထက်တဲ့သားလို့ ပြောရမှာပါပဲ။

အသက် (၁၂) နှစ်မှာ ဟင်းစချက်နေပြီဖြစ်တဲ့ Yan ဟာ အသက် (၁၃) နှစ်မှာတော့ သူ့မွေးဖွားရာ တရုတ်တောင်ပိုင်းကို စွန့်ခွာပြီး ဟောင်ကောင်ကို ပြောင်းရွေ့လာခဲ့ပါတယ်။ ဟောင်ကောင်မှာပဲ တက္ကသိုလ်တက်ရင်း ဦးလေးဖြစ်သူ ဖွင့်ထားတဲ့ ဆိုင်မှာ တရုတ်ရိုးရာဘာဘီကျူးကင်ကို လေ့လာသင်ယူခဲ့ပါတယ်။ ဒီနောက်မှာတော့ ကနေဒါနိုင်ငံနဲ့ မြောက်အမေရိကက တက္ကသိုလ်တွေမှာ Food ပတ်သက်တဲ့ဒီဂရီတွေကို လေ့လာသင်ယူခဲ့ပါသေးတယ်။

Yan Can ဆိုတဲ့ နာမည်နဲ့ စားသောက်ဆိုင်အပြင် Cooking School ကိုပါ ဖွင့်ထားပြီး ချက်ပြုတ်နည်းစာအုပ်ပေါင်း ၁၈ အုပ်ကျော်ကျော်လောက်ကို ထုတ်ဝေထားပါသေးတယ်။ ဒါတင်မကသေးပါဘူး ၂၀၀၅ ခုနှစ်ထွက်ခဲ့တဲ့ ဟောင်ကောင်ရုပ်ရှင် Rice Rhapsody ဆိုတဲ့ ရုပ်ရှင်ကားမှာလည်း ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဟင်းချက်တော်ရုံတင်မကဘဲ သရုပ်ဆောင်လည်း တော်နေမလားဆိုတာ သိချင်ရင်တော့ အမြန်ရှာပြီးသာ ကြည့်လိုက်ပါတော့။

Martin Yan ကို ပရိသတ်တွေဆီက အမေးများဆုံးမေးတဲ့ မေးခွန်းကတော့ တရုတ်-ကနေဒီယန် စားဖိုမှူးဖြစ်တဲ့ Stephen Yan နဲ့ ဆွေမျိုးတော်စပ်လားဆိုတဲ့ မေးခွန်းပါပဲ။ Stephen Yan ကလည်း Martin Yan လိုပဲ နိုင်ငံခြားဟင်းချက်ရုပ်သံလိုင်းတွေမှာ အစီအစဉ်တင်ဆက်နေတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ပတ်သက်မှုမရှိဘူးရယ်လို့တော့ မဟုတ်ပါဘူး။ ၁၉၈၀ ခုနှစ်တွေတုန်းက Martin Yan က Stephen Yan ရဲ့ ကုန်ပစ္စည်းတွေကို ရှင်းပြပေးရတဲ့ အလုပ်သမားတစ်ယောက်အနေနဲ့ အလုပ်လုပ်ခဲ့ဖူးပါတယ်။

Yan Can Cook မှာ တွေ့ရတဲ့ ငယ်ရွယ်နုပျိုတဲ့ Yan နဲ့ ခုလက်ရှိမှာ သူကိုယ်တိုင် Host လုပ်နေတဲ့ ဟင်းချက်အစီအစဉ်က Yan ဟာ အချိန်ကာလအရ ရုပ်ရည်သာကွာခြားသွားပေမယ့် သူ့ရဲ့ ဟင်းချက်စွမ်းရည်တင်ပြပုံနဲ့ ချက်ပြုတ်နေရရင် ပျော်နေတတ်တဲ့ အချက်တွေတော့ ဆယ်ခုနှစ် ၃ ခု ကျော်သွားလည်း မပြောင်းလဲသွားပါဘူး။ အခုဆို Yan ဟာ အသက် ၇၀ ရှိပေမယ့်လည်း သူဝါသနာပါရာလုပ်ရင်း ပြုံးပျော်နေတဲ့ Yan ဖြစ်နေဆဲပါ။

Reference – Wikipedia

Photo Credit – Pinterest, caamedia

NSC (Akhayar)

www.akhayar.com