UFC လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံ ခါဘစ် Khabib Nurmagomedov ဟာ UFC လိုက်ဝိတ်တန်းချန်ပီယံ ခါးပတ်ပေါင်းစည်းပွဲမှာ အမေရိကန်နိုင်ငံသား ဒက်စတင်ပွိုင်ရီယာ Dustin Poirier ကို အနိုင်ရခဲ့ပြီးတဲ့နောက် သူ့ရဲ့ပြိုင်ဘက်ဟောင်းကြီး မက်ဂရီဂေါ် Conor McGregor နဲ့ မကျေပွဲထပ်ထိုးဦးမလားဆိုတာ စိတ်ဝင်စားရာပါပဲ။ ပွိုင်ရီယာနဲ့ပွဲမှာ ခါဘစ်က အချီတိုင်းကို အသာစီးနဲ့ထိုးခဲ့ပြီး တတိယအချီအရောက်မှာ rear-naked choke အကွက်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ခါဘစ်ဟာ ကစားသမားဘ၀တစ်လျှောက် (၂၈)ပွဲထိုးသတ်ခဲ့တာမှာ ပွဲတိုင်းအနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါပြီ။ ခါဘစ်ရဲ့ နောက်တစ်ပွဲက ပြိုင်ဘက်ဘယ်သူဖြစ်မလဲဆိုတာ အတိအကျမသိရသေးပေမယ့် UFC ဥက္ကဌ ဒါနာဝှိုက် Dana White ကတော့ တိုနီဖာဂူဆန် Tony Ferguson ဒါမှမဟုတ် မက်ဂရီဂေါ် Conor McGregor နဲ့ ထိုးသတ်ဖို့ဖြစ်လာနိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

“တကယ်လို့ တိုနီဖာဂူဆန်သာ လက်ခံမယ်ဆိုရင် ခါဘစ်ထိုးသတ်မယ့် နောက်တစ်ပွဲက တိုနီဖာဂူဆန်နဲ့ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ တိုနီဖာဂူဆန်က အကြောင်းအမျိုးမျိုးကြောင့် မထိုးနိုင်ရင်တော့ ဘယ်သူနဲ့ထိုးရမလဲဆိုတာ ကျွန်တော်တို့ ဆက်ပြီးဆုံးဖြတ်ရမှာပါပဲ။ မက်ဂရီဂေါ်နဲ့ပြန်ထိုးမလားဆိုရင်တော့ ဖြစ်နိုင်ခြေအများကြီးရှိပါတယ်။ မက်ဂရီဂေါ်က ခါဘစ်နဲ့ထိုးဖို့ အရမ်းဆန္ဒပြင်းနေပြီး ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ထိုးသတ်မယ့်ပွဲကို ကြည့်ချင်နေမှာပါပဲ။ ဘယ်လိုဖြစ်လာမလဲဆိုတကတော့ စောင့်ကြည့်ရမှာပေါ့”။

မက်ဂရီဂေါ်နဲ့ ခါဘစ်တို့ဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက ဆုံတွေ့ခဲ့ပြီး ခါဘစ်က အနိုင်ရခဲ့ပေမယ့် ပွဲအပြီးမှာ ရန်ပွဲဖြစ်ခဲ့တာကြောင့် နှစ်ယောက်စလုံး ဒဏ်ငွေနဲ့ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။ ပွိုင်ရီယာနဲ့ပွဲအပြီးမှာ မက်ဂရီဂေါ်က “မော်စကိုမှာ ပြန်ထိုးဖို့ ကြိုတင်လက်မှတ်လုပ်ထားလိုက်တော့”လို့ သူ့ရဲ့ Twitter မှာ ရေးသားပြီး ခါဘစ်ကို စိန်ခေါ်လိုက်ပါတယ်။ ဒါပေမဲ့ ခါဘစ်ကတော့ မက်ဂရီဂေါ်ကို ခပ်ရင့်ရင့်ပဲ တုံ့ပြန်လိုက်ပါတယ်။ “ကျွန်တော်နဲ့ ပွိုင်ရီယာတို့ဟာ MMA ဆိုတာက လေးစားစရာကောင်းတဲ့ အားကစားဆိုတာကို ပြသခဲ့ပြီး ပေါက်ကရလေးဆယ် လျှောက်ပြောရမယ့် အရာ မဟုတ်ဘူးဆိုတာကို သိစေချင်ပါတယ်။ ပွိုင်ရီယာနဲ့ပွဲဟာ ကျွန်တော် နောက်ဆုံးထိုးခဲ့တဲ့ b******t ကောင်နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲလို မဟုတ်ဘဲ ကျေနပ်စရာကောင်းခဲ့ပါတယ်”လို့ Twitter မှာ ပြန်တုံ့ပြန်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ခါဘစ်နဲ့ မက်ဂရီဂေါ်တို့ ပြန်တွေ့ဖြစ်မယ်ဆိုရင် အဲဒီပွဲကတော့ တကယ့်ကို အကြိတ်အနယ်ရှိမှာ အသေအချာပါပဲ . .

REF:BBC,sportbible,heraldpublicist
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com