အမျိုးသမီးတွေမှ ဖက်ရှင်ကျကျဝတ်စားဆင်ယင်ရတာမျိုးမဟုတ်ဘဲ အမျိုးသားတွေမှာလည်း ဖက်ရှင်ကျကျဝတ်စားဆင်ယင်မှုမျိုး လိုအပ်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ သပ်သပ်ရပ်ရပ် ဖက်ရှင်ကျကျဝတ်ဆင်ထားမယ်ဆိုရင် အလုပ်ထဲ၊ ကျောင်းထဲမှာလည်း တခြားသူတွေထက် အခွင့်အလမ်းတွေ များနိုင်တယ်လို့ စစ်တမ်းတွေက ပြဆိုပါတယ်။

ဒါဆိုရင် ဖက်ရှင်ကျတယ်ဆိုတိုင်း ကိုယ်နဲ့ လိုက်လိုက်၊ မလိုက်လိုက် လျှောက်ဝတ်စရာလား။ ဘယ်ဟုတ်မလဲ။ လူတိုင်းမှာ ခန္ဓာကိုယ်ပုံစံအမျိုးမျိုး၊ အသားရောင် အမျိုးမျိုး ရှိကြတဲ့အတွက် ကိုယ်နဲ့ လိုက်တာလေးကို ရွေးချယ်ဝတ်မှ ဖက်ရှင်ကြမှာပါ။

အပြာရောင်ဟာ အမျိုးသားတွေအတွက်၊ ပန်းရောင်ဟာ အမျိုးသမီးတွေအတွက်လို့ သတ်မှတ်ချက်မျိုးဟာ ဒီခေတ်ကြီးမှာ ဘောင်မဝင်တော့ပါဘူး။ အမျိုးသားတစ်ယောက်အတွက် ကိုယ့်ရဲ့ အသားအရောင်နဲ့ လိုက်ပြီး လိုက်ဖက်တဲ့အရောင်တွေ အခုလို ရှိနေပါပြီ။

အသားဖြူတဲ့ အမျိုးသားများအတွက်

အသားအရောင် ဖြူဆွတ်ဆွတ်ကောင်လေးတွေအတွက် လိုက်ဖက်တဲ့ အရောင်တွေကတော့ အပြာ၊ အစိမ်း၊ပန်းရောင်နဲ့ ခရမ်းတို့လို ခပ်တောက်တောက်အရောင်တွေပါပဲ။ ဒါတင်မဟုတ်ဘဲ အပြာရင့်နဲ့ အနီရင့်ရင့်လိုအရောင်တွေလည်း လိုက်ဖက်ပါသေးတယ်။ အဲဒီလို အတောက်တွေ မကြိုက်လို့ အဖြူနဲ့ အနက်တွဲဝတ်ရင်လည်း ကြည့်ကောင်းနေမှာပါ။ Accessories တစ်ခုခုဝတ်ချင်တယ်ဆိုရင် ငွေနဲ့ပက်သက်တဲ့ ဟမ်းချိန်း၊ လက်စွပ်စတာတွေနဲ့လိုက်ဖက်ပါတယ်။

အသားလတ်လတ်အမျိုးသားများအတွက်

ဒါကတော့ အာရှတိုက်သားတွေ အများစုရဲ့ အသားအရောင်ပါ။ သူတို့အတွက်ကတော့အညိုရောင်၊ ကြေးနီရောင်၊ ကာကီရောင်၊ လိမ္မော်၊ အဝါ၊ မီးခိုး၊ နေဗီပြာ၊ခရမ်မ်ရောင်နဲ့ အနက်ရောင် အဝတ်အစားတွေဟာ အလိုက်ဆုံးပါပဲ။ အရောင်နုတွေ ရှောင်ပြီး လက်ဝတ်ရတနာဝတ်ချင်ရင်တော့ ရွှေကို အမြင်မရိုင်းအောင် ဝတ်လို့ရပါတယ်။

ညိုချော၊ အသားညိုညိုအမျိုးသားများအတွက်

ဒါလည်း မြန်မာအမျိုးသားအများစုမှာတွေ့ရတဲ့အတွက် အဖြူ၊ကာကီ၊ ခရမ်းရောင်အရင့်၊ ဇီးရောင်၊ မီးခိုး၊အနီ၊ အပြာဖျော့နဲ့ စိတ်ပါရင် လိမ္မော်ရောင်နဲ့ ပန်းရောင်တွေပါ ဝတ်ဆင်လို့ရပါတယ်။ ရှောင်ရမယ့် အရောင်တွေကတော့ အညိုရင့်နဲ့ အစိမ်းလွင်လွင်ကို ရှောင်ပါ။ လက်ဝတ်လက်စား ဝတ်တတ်သပဆိုရင် ရွှေဝတ်လို့ သိပ်လိုက်ဖက်တဲ့ အသားအရောင်ပိုင်ရှင်တွေပေါ့ဗျာ။

ဘယ်အသားအရောင်နဲ့မဆို လိုက်ဖက်တဲ့ အရောင်တွေကတော့ အနီရောင်တောက်တောက်၊ ခရမ်းရောင်ရင့်ရင့်နဲ့ စိမ်းပြာရောင်တွေပဲ ဖြစ်ပါတယ်။

အသားအရောင်ကို ဖက်ရှင်ကျကျဝတ်ဆင်ရာမှာ အတားအဆီးမဖြစ်စေဘဲ ကောင်းကောင်းအသုံးချနိုင်ပါစေ။

Yoe Lu (Akhayar)

www.akhayar.com

Source : http://www.theunstitchd.com