ချယ်လ်ဆီးအသင်း ကစားသမားသစ် ပူလီရှစ် Christian Pulisic က အမေရိကန် ကစားသမားတွေရဲ့ အစွမ်းအစ ဘယ်လောက်ရှိလဲဆိုတာကို သက်သေပြသွားမယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။ အသက်(၂၀)အရွယ်သာရှိသေးသူ ပူလီရှစ်ဟာ ချယ်လ်ဆီးအသင်းကို ပေါင်(၅၈)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဒါဟာ အမေရိကန်ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပူလီရှစ်အတွက် စိန်ခေါ်မှုတွေက စောင့်ကြိုနေပေမယ့်လည်း သူကတော့ စိုးရိမ်မှု မရှိဘဲ အကောင်းဆုံး စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိနေတာပါ။ ပူလီရှစ်က “ဒါဟာ ကျွန်တော့်အတွက် အကြီးမားဆုံး ရည်မှန်းချက်ပါပဲ။ အမေရိကန်ကစားသမားတွေ ဘယ်လောက်အထိ စွမ်းဆောင်နိုင်လဲဆိုတာက ကျွန်တော် သက်သေပြသွားမှာပါ။ အမေရိကန်နိုင်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ရီးယဲလ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ဟာဇက်ရဲ့နေရာကို အစားထိုးဖို့အတွက် ပူလီရှစ်ကို ခေါ်ယူခဲ့တာလို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပူလီရှစ်က “ဟာဇက် Eden Hazard ဟာ ထိပ်တန်းကစားသမားတစ်ဦးဆိုတာ အားလုံးအသိပါ။ သူနဲ့အတူ တွဲဖက်ကစားခွင့်ရရင် ကျွန်တော် အရမ်းပျော်မိမှာပါပဲ။ ဒါပေမဲ့ ဒီကို ကျွန်တော်ပြောင်းလာတာက ကိုယ့်ရဲ့ပုံစံကို ပြသဖို့ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းမျှော်လင့်ထားပါတယ်။ ပြင်ပဖိအားတွေကတော့ ရှိလာမှာပါ။ ချယ်လ်ဆီးအသင်းမှာ အောင်မြင်မှုတွေ ရယူလိုပြီး အသင်းအတွက်အကျိုးပြုနိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF:Daily Mail
Photo:Daily Mail,Standard
Naing Linn(Akhayar)
www.akhayar.com