သင့်အနေနဲ့ မိုင်ပေါင်း ၇၅၀ ကျော် ကွာဝေးတဲ့ ခရီးတခုကို ၃ နာရီခွဲအတွင်း ရောက်အောင်သွားနိုင်မယ်ဆိုရင် ဘယ်လိုလဲ? ပုံမှန်ရထားနဲ့သွားရင် ၁၂ နာရီကျော်ကြာတဲ့ ခရီးခုကို ၄ ချိုး ၁ ချိုး ဖြတ်ချလိုက်တဲ့ တရုတ်နည်းပညာဟာ တခေတ်ဆန်းသွားပြီလား? ဒီမေးခွန်းအတွက် Maglev ရထားတစင်းက အဖြေပေးသွားခဲ့ပြီ ဖြစ်ပါတယ်။

Shanghai Maglev (Photo: Wandering the Blue Marble)

လက်ရှိတရုတ်နိုင်ငံတွင်းမှာ ပြေးဆွဲနေတဲ့ အမြန်ဆုံး ကျည်ဆန်ရထား Shanghai Maglev တောင် မြန်နှုန်း ၂၆၇ မိုင်နှုန်းနဲ့ Pudong လေဆိပ်ကို ၇ မိနစ်အတွင်း ပို့ဆောင်နေချိန် နမူနာရထားက ၃ မိနစ်သာသာနဲ့ ဖြတ်ချနိုင်မယ်ထင်ပါတယ်။ ကြွားပြောတာတော့ မဟုတ်ပါဘူး၊ တရုတ်ကနေ ၂၀၂၁ အတွင်း ပြေးဆွဲသွားဖို့ ပြင်ဆင်ထားပြီး ဒီရထားကို CRRC (State-owned China Railway Rolling Stock Corporation) က တည်ဆောက်ထားတယ် ဆိုပါတယ်။

Maglev ကို အရှည်ပြောရရင် Magnetic Levitation ဆိုတဲ့ သံလိုက်စွမ်းအင်အသုံးပြုထားပြီး သံလမ်းနဲ့ တစ်ပေအကွာမှာပဲ ရပ်နားလေ့ရှိတယ်ဆိုပါတယ်။ ဒါကြောင့် ရထားဘီးပွတ်အားကို အသုံးပြုမှာမဟုတ်ဘဲ သံလိုက်စွမ်းအင်အသုံးပြုထားတဲ့ လေရဲ့ပွတ်ဆွဲအားနဲ့ မောင်းနှင်မှာဖြစ်ပါတယ်။ အခုနမူနာရထားရဲ့ သီအိုရီအရဆိုရင်တော့ တစ်နာရီကို မြန်နှုန်း ၃၇၃ မိုင်နှုန်း မောင်းနှင်နိုင်မှာဖြစ်ပြီး ၅၄၇ နဲ့ ၅၇၅ မိုင်နှုန်းအတွင်း ပျံသန်းနေတဲ့ တရုတ်လေကြောင်းလိုင်းရဲ့ လေယာဉ်တွေရဲ့ Speed တဝက်ကျော် မြန်နေတယ်လို့ သုံးသပ်ရမှာပါ။

Maglev Prototype (Photo: Daily Mail UK)

ဒီ CRRC Prototype ရထားကို ၂၀၁၅ ကတည်းက ကြေညာခဲ့တာဖြစ်ပြီး အမြန်ဆုံးဆိုတဲ့ Record ကို ချိုးဖျက်နိုင်သေးတာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Maglev လို ရထားမျိုး ဂျပန်မှာလည်းရှိပြီး တစ်နာရီကို ၃၇၅ မိုင်နှုန်းနဲ့ ၂၀၁၅ ကတည်းက ပြေးဆွဲနေတာဖြစ်ပါတယ်။ အခုချိန်မှာတော့ အရှည် ၃၁၄ မိုင် ရှိတဲ့ Maglev ရထားလမ်းကို တည်ဆောက်နေပြီး ၂၀၂၇ မှာ ဖွင့်လှစ်နိုင်မယ်လို့ ကြေညာထားလို့ ဘာရယ်မဟုတ် ပြောကြည့်တာပါ၊ ဂျပန်က ပိုမြန်ပေမယ့် တရုတ်က အရင်မောင်းပြတော့မယ်ထင်ပါတယ်။

Source: The Verge
2B (Akhayar)
www.akhayar.com