ဒီတစ်ပတ်မှာတော့ မိုးကောင်းလမ်းမကြီးပေါ်မှာရှိတဲ့ ထိုင်းစားသောက်ဆိုင်အသစ် Chew Q Restaurant ကိုခြေဦးလှည့်ဖြစ်ပါတယ်။ နေရာတိတိကျကျဆိုရင်တော့ အမှတ်(၁) ၊ မိုးကောင်းလမ်းနဲ့သုခိတာ လမ်းထောင့်၊ ရန်ကင်းမြို့နယ်ပါ။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီ ကနေ ည ၁၁ နာရီ အထိဖွင့်ပါတယ်။ ရန်ကုန်မှာ ထိုင်းစားသောက်ဆိုင်တွေက အများကြီးရှိနေသလို ထိုင်းစာကလည်းပေါ်ပြူလာဖြစ်တာမို့ ဒီဆိုင်သစ်မှာရော ဘာတွေထူးခြားမလဲ စူးစမ်းရင်း မြည်းစမ်းရင်းပေါ့ဗျာ။

ဆိုင်အပြင်အဆင်

ဆိုင်အဝင်ကတော့ တော်တော်လေးလှပါတယ်။ အပြင်အဆင်မဆိုးဘူးလို့ပြောရမယ်ဗျ။ ထိုင်ခုံလေးတွေလည်းထိုင်ရတာ အဆင်ပြေပါတယ်။ Romantic ဆန်တဲ့ပုံစံလေးမို့ ချစ်သူစုံတွဲလေးတွေထိုင်ရင်လည်း ကြည်နူးစရာကောင်းမှာပါ။ သီချင်းဖွင့်ထားတာလည်း ခပ်မြူးမြူးလေးပါ။ မိုးကောင်းလမ်းပေါ်မှာဆိုတော့ ဖြတ်သွားဖြတ်လာကားသံကတော့ နည်းနည်းဆူပါတယ်။ ထိုင်တာကတော့ အပြင်မှာပဲထိုင်ထိုင် အထဲမှာပဲထိုင်ထိုင် အဆင်ပြေပါတယ်။ သူတို့  Setting ကအမျိုးစုံရှိတယ်။ ဘားလို ပုံစံ၊ ရိုးရိုးစားပွဲလိုပုံစံ၊ ကြိမ်ခုံနဲ့ဆိုဖာလိုမျိုးလည်းရှိတယ်။ ဒီတော့ကိုယ်ကြိုက်တဲ့ ပုံစံမှာထိုင်လို့ရပါတယ်။ ထိုင်ခုံအမျိုးအစားကြီးပဲ ၆ မျိုးလောက်ရှိတော့ မိုက်တယ်လို့ပြောရမှာပါ။ Indoor ရော Open Roof style ရောရှိနေတာမို့ ကိုယ်ကြိုက်နှစ်သက်တဲ့ နေရာရွေးနိုင်ပါတယ်။

Menu

Menu မှာက ထိုင်းအသံထွက်ကို အင်္ဂလိပ်လိုရေးထားပြီး ဓာတ်ပုံကလည်း သိပ်မသဲကွဲ ဆိုင်မီးရောင်ကလည်း ခပ်မှိန်မှိန်ပဲထွန်းထားတာဆိုတော့ ဟင်းပွဲတစ်ခုမှာ ဘာတွေပါမှန်းသေချာမသိဘူး။ Waiter လေးတွေကလည်း အသစ်မို့ သေသေချာချာတော့မရှင်းပြနိုင်ဘူး။ အဲဒီအတွက် Menu ရှာရတာနဲ့တင် အချိန်နည်းနည်းကြာပါတယ်။ ထိုင်းစာကို မျိုးစုံနီးပါးရတော့ စားနေကျဟင်းတွေရှောင်ပြီး နည်းနည်းဆန်းမယ်ထင်တာတွေ မှာဖြစ်ပါတယ်။

မှာဖြစ်တဲ့ဟင်းပွဲများ

မှာလိုက်တာက ဝက်သားနဲ့မုန်ညင်းနဲ့လိပ်ပြီး ပြုတ်ထားတာရယ် ဂဏန်းပျော့ကိုကြော်ထားတာရယ် ဘဲကင်ကို အုန်းနို့နဲ့ချက်တဲ့ဟင်းရည်နဲ့ သဘောင်္သီးအချောင်းလိုက်ကိုကြော်ပြီး သုပ်ထားတဲ့ဟင်းတွေမှာဖြစ်ပါတယ်။

ယမကာ

ယမကာအနေနဲ့ကတော့ စည်ဘီယာသောက်မယ်ဆိုရင်တော့ မြန်မာတစ်ခုတည်းရပါတယ်။ ဒီမှာက ဝိုင်တော့တော်တော်စုံပါတယ်။ ဝိုင်မျိုးစုံရတာကလည်း အားသာချက်ပါ။

အရသာ

အော်ဒါမှာပြီး ၁၅ မိနစ်လောက်အကြာမှာတော့ ဟင်းပွဲသုံးပွဲရောက်လာပါတယ်။ အားလုံးပူပူနွေးနွေးပါပဲ။ ဟင်းတစ်ပွဲမှာပါတဲ့ ပမာဏကအများကြီးတော့လည်း မဟုတ်ဘူး။ နှစ်ယောက်စာလောက်ပဲရှိမယ်။ ဂေါ်ဖီ၊ မုန်လာဥနီ၊ သခွားသီး၊ ဆလတ်ရွက်နဲ့ ကြက်သွန်ကို Side Dish အနေနဲ့ထည့်ထားပေးတယ်။

ဂဏန်းပျော့မဆလာကိုကြက်ဥနဲ့ကြော်ထားပြီး အုန်းနို့ဆမ်းထားတာလေးကို မြည်းကြည့်တယ်။ အပြင်အဆင်ကတော့ သိပ်မလှဘူး။ စားလို့အဆင်ပြေပေမယ့် သိပ်အကောင်းကြီးတော့မဟုတ်ပါဘူး။ ပုံမှန်လောက်ပါပဲ။ အုန်းနို့၊ ကြက်ဥနဲ့ မဆလာပါတာဆိုတော့ တော်တော်လေးအီတယ်လို့ပြောရမယ်။

သင်္ဘောသီးကိုကြော်ပြီး သုပ်ထားတာက စားကောင်းပါတယ်။ ဘူးသီးကြော်နဲ့ခပ်ဆင်ဆင်တူပါတယ်။ အဲဒါကို သင်္ဘောသီးထောင်းလို သုပ်ထားတာဆိုတော့ ဂဏန်းပျော့ကြော်နဲ့တွဲစားတဲ့အခါ လိုက်ဖက်တယ်လို့ဆိုနိုင်ပါတယ်။ သူကကျတော့ နည်းနည်းလေးအေးသွားရင် စားမကောင်းဘူးဗျ။

တခြားမှာ Red Curry စားရင် ကြက်သားနဲ့ပဲရတာများတယ်။ ခုက ဘဲသားထဲမှာ နာနတ်သီး၊ ခရမ်းချဉ်သီး၊ ကျောက်ဖရုံသီးနဲ့ အုန်းနို့ပါတယ်။ ဒီဟင်းပွဲကတော့ မဆိုးပါဘူး။ အရသာအတော်လေးကောင်းပါတယ်။ ဒါပေမဲ့ ဘဲသားကတော့ နည်းနည်းလေးမာနေတယ်။ ဟင်းပွဲတွေမှာ အုန်းနို့နည်းနည်းများတယ်လို့တော့ထင်ရတယ်။ သွေးတက်တတ်သူတွေကတော့ အုန်းနို့နည်းနည်းလျှော့ခိုင်းသင့်ပါတယ်။

Chew Q Restaurant

Service

ဝက်သားမုန်ညင်းလိပ်ကတော့ ဘေလ်ရှင်းတော့မယ့်အချိန်အထိမရောက်လာတော့ Cancel လုပ်လိုက်ရတယ်။ ဟင်းတွေရောက်လာပေမယ့် ထမင်းကတော့စောင့်ရတာကြာတယ်။ တော်တော်နဲ့မလာဘူး။ ဟင်းတွေကအေးကုန်တော့မယ်လေ။ အဲဒီတော့ Service ကနည်းနည်းညံ့တယ်လို့ပြောရမယ်။ ဟင်းတွေမှားချတာမျိုးလည်းရှိတယ်။ ပြီးတော့ တစ်ရှူးလည်းမချထားပေးဘူး။ ဘေလ်ရှင်းမယ်ဆိုတော့လည်း သုံးခါလောက်ပြောယူရတယ်ခင်ဗျ။ ပြီးတော့ ဘေလ်စာရွက်ရဖို့ ၁၅ မိနစ်လောက်ထပ်စောင့်ရသေးတယ်။ အချိန်ပိုကုန်တာပေါ့။

အားသာချက်

ဆိုင်ရဲ့အားသာချက်က နေရာကျယ်တယ်။ မိသားစုလိုက် အဖွဲ့လိုက်စားဖို့ အဆင်ပြေပါတယ်။ ၁၅ယောက်နဲ့အထက်စပြီး ထိုင်လို့ရတယ်။ အစားအသောက်ကတော့ ပုံမှန်ထက်တော်တော်လေးကောင်းပါတယ်။ ဆိုင်အပြင်အဆင်၊ နေရာထိုင်ခင်း၊ သွားရလာရတာအဆင်ပြေတယ်။ ကားပါကင်လည်းကျယ်တယ်။

Chew Q Restaurantအားနည်းချက်

Service ကတော့ တော်တော်လေးပြုပြင်ယူရပါဦးမယ်။ ဆိုင်က အသစ်ဆိုတော့ အချိန်နည်းနည်းစောသွားတာဖြစ်ဖြစ် ကြိုတင် Reserved လုပ်တာမျိုးမှ အဆင်ပြေလိမ့်မယ်။

ကျွန်တော်က ဆိုင်ကို ၈နာရီ၁၅ ရောက်ပြီး မီနူးရွေးတယ်။ စားဖို့စမှာတာက ၈နာရီ ၂၅ပါ။ ဟင်းတွေက မြန်မြန်ရောက်လာတယ်။ ထမင်းကတော့ ၃၅ မိနစ်လောက်ထိစောင့်ရပါတယ်။ ဟင်းအရသာတွေကောင်းပေမယ့် ဝန်ဆောင်မှုကညံ့တော့ Perfect မဖြစ်တော့ဘူးပေါ့။ ပြီးတော့ ဟင်းတွေရောက်လာပေမယ့် ထမင်းကတော်တော်နဲ့ရောက်မလာတာ လုံးဝအဆင်မပြေပါဘူး။ သာမန်ဆိုင်တစ်ဆိုင်မှာ ဒီလိုဖြစ်တာကို အပြစ်မပြောလိုပေမယ့် ငွေကြေးအရအနည်းငယ်မြင့်တဲ့ ဆိုင်မျိုးမှာတော့ ဒီလိုမျိုးမဖြစ်သင့်ဘူးလို့ယူဆပါတယ်။ Waiter လေးတွေက ဘာလုပ်ရမှန်းမသိတာမျိုးတွေ ရှိတာမို့ သူတို့ကို ကျွမ်းကျင်မှုထပ်မြှင့်ပေးဖို့တော့ မဖြစ်မနေလိုအပ်တယ်လို့ ယူဆမိပါတယ်။

ကြယ် ၅ ပွင့်နဲ့အမှတ်ပေးရမယ်ဆိုရင်တော့

အပြင်အဆင်  ****

အရသာ  **

ဝန်ဆောင်မှု   *

www.akhayar.com