ပရီးမီးယားလိဂ်ပွဲစဉ် (၂) Super Sunday ပွဲတွေမှာတော့ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့တာ မပါပေမယ့် နည်းပြသစ် လမ်းပတ် Frank Lampard လက်ထက် ပွဲဦးထွက် (၂)ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ ချယ်လ်ဆီးအသင်းဟာ လက်စတာနဲ့ အိမ်ကွင်းပွဲစဉ် ရင်ဆိုင်ရမှာဖြစ်လို့ လမ်းပတ် ပထမဆုံးနိုင်ပွဲ ရယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ နောက်တစ်ပွဲမှာတော့ တန်းတက်ရှက်ဖီးယူနိုက်တက်အသင်းက အိမ်ကွင်းမှာ ပဲလေ့စ်ကို လက်ခံစားရမှာဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက် – ပဲလေ့စ် (တနင်္ဂနွေ ည ၇း၃၀နာရီ)

ပြီးခဲ့တဲ့ရာသီက လိဂ်ချန်ပီယံရှစ်မှာ အဆင့်(၂)နေရာနဲ့ တန်းတက်ခဲ့တဲ့ ရှက်ဖီးယူနိုက်တက် ပရီးမီးယားလိဂ်အဖွင့်ပွဲတုန်းက ခြေမာတဲ့ ဘုန်းမောက်ကို အဝေးကွင်းမှာ သရေကစားနိုင်ခဲ့လို့ မဆိုးဘူးလို့ပြောရမယ်။ အသင်းမှာ တစ်ဦးကောင်း ကစားသမားမရှိပေမယ့် အသင်းလိုက်စုဖွဲ့မှုကောင်းပြီး အိမ်ကွင်းဆိုရင် အဆိပ်ရှိတဲ့အသင်းပါပဲ။ ကစားသမားအစုအဖွဲ့ချင်းယှဉ်ရင် ပဲလေ့စ်က သာသလိုရှိပေမယ့် အဝေးကွင်းခြေစွမ်း အားနည်းတာကို သတိပြုရမယ်။ အိမ်ရှင် ရှက်ဖီးတို့ သရေတစ်မှတ် ရယူနိုင်စွမ်းရှိပါတယ်။

ချယ်လ်ဆီး – လက်စတာ (တနင်္ဂနွေ ည ၁၀း၀၀ နာရီ)

နည်းပြသစ် လမ်းပတ်လက်ထက် ချယ်လ်ဆီးအသင်း နိုင်ပွဲ မရသေးတာ ကံဆိုးလွန်းပါတယ်။ မန်ယူနဲ့ပွဲမှာ အပြန်အလှန်ကစားနိုင်ပေမယ့် ခံစစ်အားနည်းမှုကြောင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို၊ ဥရောပစူပါဖလားပွဲမှာလည်း လီဗာပူးလ်ကို အကြိတ်အနယ်ကစားပြီးမှ ပယ်နယ်တီနဲ့ ရှုံးခဲ့ပြန်တယ်။ အဲဒီနှစ်ပွဲစလုံး ချယ်လ်ဆီးအသင်းရဲ့ ကစားပုံက အားရစရာကောင်းပြီး အပိုင်အခွင့်အရေးတွေ ဂိုးတိုင်ထိထွက်တာ၊ ကစားသမားတွေ လွဲချော်တာတွေရယ်ကြောင့်သာ ရှုံးပွဲကြုံခဲ့ရတာပါ။ ကစားသမားသစ်ဖြစ်တဲ့ ပူလီရှစ် Pulisic က Physical ပိုင်း အားနည်းပေမယ့် Skill ရှိတဲ့သူဖြစ်ပြီး Vision ၊ Passing ကောင်းတဲ့သူဖြစ်ပါတယ်။ လူငယ်ခြေတက် မေဆင်မောင့် Mason Mount ကလည်း အားကိုးလို့ရတဲ့ ကစားသမားဖြစ်ပြီး လမ်းပတ်လက်သစ်ဖြစ်မယ့်သူလို့ သတ်မှတ်ခံထားရတာပါ။ လက်စတာအသင်းကလည်း အယိုဇေပီရက်ဇ် Ayoze Pérez အပါအ၀င် ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ထားလို့ အရင်ကထက် ပိုတောင့်တင်းလာပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ မဖြစ်မနေနိုင်ပွဲရယူဖို့ လိုနေသလို၊ တကယ်လည်း နိုင်သင့်နေပြီဖြစ်တဲ့ ချယ်လ်ဆီးအသင်းကို ရွေးချယ်ချင်ပြီး (၃-၁)၊ (၂-၀)ရလဒ်တွေနဲ့ အနိုင်ရမယ်လို့ ထင်ပါတယ်။

Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com