ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ဒီနေ့ည ( မြန်မာစံတော်ချိန် ကြာသပတေးမနက် ၁း၃၀)မှာ လန်ဒန်မြို့ခံနှစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဥရောပပြိုင်ပွဲမှာ ပထမဆုံးအဖြစ်၂၀၀၃-၀၄ ရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဆုံတွေ့ခဲ့ဖူးပြီး ချယ်လ်ဆီးကွင်းမှာ တစ်ဂိုးစီသရေ၊ အာဆင်နယ်ကွင်းမှာ ချယ်လ်ဆီးက (၂-၁)ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။ ပြည်တွင်းဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်မှာ မကြာခဏဆုံတွေ့ခဲ့ပေမယ့် ဥရောပအဆင့် ဗိုလ်လုပွဲမှာ ပထမဆုံးအကြိမ် ဆုံတွေ့တာပါ။ ဒီနှစ်သင်းဟာ ကစားသမားစုဖွဲ့မှုအပိုင်းမှာ တစ်သင်းနဲ့တစ်သင်း ကွာဟချက်မရှိသလို ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း နှစ်သင်းစလုံးရဲ့ ရလဒ်တွေက သိသိသာသာကွာခြားချက် မရှိပါဘူး။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းက အဆင့်(၃)နေရာနဲ့ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့် ရရှိခဲ့ပြီး အာဆင်နယ်အသင်းကတော့ ယူရိုပါလိဂ်ဖလားရမှ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

နှစ်သင်းစလုံးရဲ့ ဗိုလ်လုပွဲလာရာ လမ်းကြောင်း

ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ယူရိုပါလိဂ်အုပ်စုအဆင့်မှာ သာမန်အလယ်အလတ် အသင်းတွေနဲ့သာ ဆုံတွေ့ခဲ့ပြီး နှစ်သင်းစလုံး အုပ်စုဗိုလ်နဲ့ ရှုံးထွက်(၃၂)သင်းတက်ရောက်ခဲ့ကြတယ်။ အဲဒီအဆင့်မှာလည်း အာဆင်နယ်က ဇူးရစ်ခ်ျ၊ ချယ်လ်ဆီးက မာလ်မိုအသင်းတို့ကို အလွယ်တကူကျော်ဖြတ်ခဲ့သလို နောက်တစ်ဆင့်မှာ ဒိုင်နမိုကိဗ်၊ ရန်းစ်အသင်းတွေကို ဆက်လက်အနိုင်ယူခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာ အာဆင်နယ်အသင်းဟာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတစ်သင်းဖြစ်တဲ့ နာပိုလီကို အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့စလုံး အနိုင်ယူခဲ့တဲ့အပြင် ဆီမီးဖိုင်နယ်မှာ နာမည်ကြီး ဗလင်စီယာနဲ့ ဆုံတွေ့ခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် (၇-၃)ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြန်တယ်။ ချယ်လ်ဆီးအသင်းက အာဆင်နယ်ထက် နည်းနည်းပွဲချောင်ခဲ့ပြီး ဆလားဗီးယားပရက်ဂ်၊ ဖရန့်ဖတ်တို့နဲ့သာ ဆုံတွေ့ခဲ့တာပါ။ ဒါပေမဲ့ ဖရန့်ဖတ်နဲ့ ဆီမီးဖိုင်နယ်ပွဲမှာတော့ ချယ်လ်ဆီး ရုန်းကန်ခဲ့ရပြီး ဒုတိယအကျော့မှာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့လို့ Baku မြို့ဆီ အရောက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

နှစ်သင်းစလုံးရဲ့ ကစားသမားအခြေအနေ

ချယ်လ်ဆီးအသင်း အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ကွန်တေ N’Golo Kante ဒဏ်ရာပြဿနာကြောင့် ဒီပွဲကို လွဲချော်ဖို့ရှိနေပြီး ကွန်တေသာ မပါခဲ့ရင် ယော်ဂျင်ဟို Jorginho ၊ ကိုဗာချစ် Mateo Kovacic ၊ ဘာကလေ Ross Barkley တို့ (၃)ဦးနဲ့ ချယ်လ်ဆီးကွင်းလယ်က သိပ်အလုပ်မဖြစ်နိုင်ပါဘူး။ အာဆင်နယ်ဘက်မှာလည်း မစ်ခီတာရီယန် Mkhitaryan လုံခြုံရေးအခြေအနေကြောင့် လူစာရင်းမှာ မပါနိုင်ခဲ့တာကြောင့် ကွင်းလယ်မှာ အားနည်းနိုင်ပါတယ်။

ခန့်မှန်းချက်

ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူ့ကွင်း၊ ကိုယ့်ကွင်းအပြန်အလှန်အနိုင်ရခဲ့ကြတယ်။ ချယ်လ်ဆီးအသင်းရဲ့ အဓိက တိုက်စစ်လမ်းကြောင်းက ဟာဇက် Hazard ဆီကနေ စတင်မှာဖြစ်ပြီး သူ့ကို ထိန်းချုပ်နိုင်ခဲ့ရင် ချယ်လ်ဆီးတိုက်စစ်သေသလို ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ အခုပွဲမှာ ပွဲထွက်လာဖို့ရှိနေတဲ့ အာဆင်နယ်ညာနောက်ခံလူ မစ်လန်းနိုင်းစ် Maitland-Niles ဟာ အတွေ့အကြုံအရ ဟာဇက်ကို ထိန်းချုပ်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါပဲ။ နည်းပြချင်းယှဉ်ရင်တော့ ယူရိုပါလိဂ်ဖလားကို ဆီဗီလာအသင်းနဲ့ (၃)ကြိမ်ဆက် ရယူခဲ့တဲ့ အူနိုင်းအမ်မရီ Unai Emery က သာသလိုရှိတယ်။ တိုက်စစ်ပိုင်းမှာလည်း ယူရိုပါလိဂ်မှာ နှစ်ဦးပေါင်း(၁၃)ဂိုး သွင်းယူထားတဲ့ အူဘာမီယန်း Pierre-Emerick Aubameyang (၈ဂိုး)၊ လာကာဇက် Alexandre Lacazette (၅ဂိုး)တို့ရဲ့ အတွဲအဖက်က ချယ်လ်ဆီးတိုက်စစ်မှူးတွေထက် စွမ်းဆောင်ရည် ပိုကောင်းနေတယ်။ ဒီရာသီ ယူရိုပါလိဂ်မှာ တစ်ဦးတည်း (၁၀)ဂိုးသွင်းထားတဲ့ ဂျရူး Olivier Giroud အသင်းဟောင်းကို ဒုက္ခပေးနိုင်မလား စောင့်ကြည့်ရမယ်။ အခြေအနေတွေကို နှိုင်းယှဉ်ကြည့်ရင် အားသာချက်၊ အားနည်းချက်တွေက နှစ်သင်းစလုံးမှာ သိပ်ကြီးကြီးမားမား မရှိဘူး။ ဒါပေမဲ့ ယူရိုပါလိဂ်ဖလားနဲ့ ကံစပ်လေ့ရှိတဲ့ အူနိုင်းအမ်မရီရဲ့ အာဆင်နယ်အသင်း ချန်ပီယံဖြစ်သွားဖို့ ရာခိုင်နှုန်းများတယ်လို့ပဲ ပြောရမှာပါ . .

Photo:AS,sportingpedia,RichBlitz
Naing Linn(Akhayar)
www.akhayar.com