ချယ်လ်ဆီးအသင်းနည်းပြသစ် လမ်းပတ် Frank Lampard ဟာ သူ့ရဲ့ချယ်လ်ဆီးနည်းပြဘ၀ ပွဲဦးထွက်အဖြစ် ဘိုဟီမီယန်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ (၁)ဂိုးစီသရေကျခဲ့တာကြောင့် မျက်နှာပန်းမလှဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီးအသင်း အဓိက ကစားသမားအများစု မပါဝင်ခဲ့ဘဲ ကာဘယ်လာရို Caballero ၊ အက်ဇ်ပီလီကွယ်တာ Azpilicueta ၊ ပတ်ဒရို Pedro ၊ ဘတ်ရှူအာယီ Batshuayi ၊ ဒရင့်ဝါတာ Drinkwater တို့သာ ပါဝင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ဘတ်ရှူအာယီက ပွဲအစ(၈)မိနစ်မှာ အဖွင့်ဂိုးသွင်းခဲ့ပေမယ့် ဘိုဟီမီယန်အသင်းကွင်းလယ်လူ Molloy က (၈၉)မိနစ်မှာ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ပွဲအပြီးမှာ ဘိုဟီမီယန်အသင်းပရိသတ်တွေက လမ်းပတ်ကို လှောင်ပြောင်ခဲ့ကြပြီး ”နောက်နေ့ မနက်ကျရင် ရာထူးက အထုတ်ခံရတော့မယ်”လို့ အော်ဟစ်ခဲ့ကြပါတယ်။

ဒီပွဲသရေကျခဲ့ပေမယ့် လမ်းပတ်ကတော့ အသင်းက ကစားသမားတွေရဲ့ ခြေစွမ်းကို ကျေနပ်အားရတယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ လမ်းပတ်က “ကစားသမားတွေ အသင်းနဲ့ပူးပေါင်းတာက ရက်ပိုင်းပဲရှိသေးတာကြောင့် သေသေချာချာ ပြင်ဆင်ရတာမျိုး မရှိသေးလို့ ဒီပွဲဟာ ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပါတယ်။ လူငယ်ကစားသမားတွေအနေနဲ့လည်း ဖိအားများခဲ့ပြီး သူတို့ကို ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေ လုပ်ခိုင်းခဲ့ပါတယ်။ လူငယ်တွေရဲ့ ခြေစွမ်းကို ကျွန်တော်အားရမိသလို အခုပွဲရလဒ်အတွက်လည်း ကျေနပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒဗ္ဗလင်မြို့မှာ ဘိုဟီမီယန်အသင်းနဲ့ ခြေစမ်းပွဲအပြီး ဒဗ္ဗလင်မှာပဲ စိန့်ပက်ထရစ်အသင်း(ဇူလိုင်-၁၃)နဲ့ ကစားမှာဖြစ်သလို၊ Kawasaki Frontale (ဇူလိုင်-၁၉)၊ ဘာစီလိုနာ(ဇူလိုင်-၂၃)၊ ရက်ဒင်း (ဇူလိုင်-၂၈)၊ ဆာလ်ဘာ့ဂ် (ဇူလိုင်-၃၁)၊ မိုချန်ဂလာဘတ် (သြဂုတ်-၃)တို့နဲ့ ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။

REF:The Sun
Photo:Chelsea Football Club
Naing Linn(Akhayar)
www.akhayar.com