လမ်းပတ် Frank Lampard ကတော့ နိုင်ပွဲနဲ့ ကံမစပ်သေးဘူးလို့ပဲ ပြောရမှာပါ။ ဒါပေမဲ့ အခုပွဲမှာတော့ ချယ်လ်ဆီး သရေတစ်မှတ်ရခဲ့တာ ကံကောင်းတယ်လို့ သတ်မှတ်ရမယ်။ လက်စတာအသင်းသာ ဂိုးသွင်းခွင့်တွေကို အသုံးချနိုင်ရင် ချယ်လ်ဆီး (၃)ပွဲဆက် ရှုံးမယ့်အနေအထားပါပဲ။ ပထမပိုင်း အစမှာတော့ ချယ်လ်ဆီးကစားပုံက အားရစရာကောင်းပါတယ်။ မေဆင်မောင့် Mason Mount ၊ ပူလီရှစ် Pulisic ၊ ကွန်တေ Kanté ၊ ယော်ဂျင်ဟို Jorginho ၊ ပတ်ဒရို Pedro တို့ရဲ့ တွဲလုံးတွေက လက်စတာ ခံစစ်ကို ဒုက္ခပေးခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့တယ်။ ပွဲအစ(၇)မိနစ်မှာပဲ ချယ်လ်ဆီးအဖွင့်ဂိုးရခဲ့ပြီး လက်စတာကွင်းလယ်လူ အန်ဒီဒီ Ndidi ရဲ့ အမှားကနေ မေဆင်မောင့်က ကန်သွင်းခဲ့တာဖြစ်ပါတယ်။ အန်ဒီဒီဟာ အဲဒီတစ်ချက်ပဲ အမှားကျုးလွန်ခဲ့ပြီး ကျန်တဲ့မိနစ်တွေမှာ အကောင်းဆုံးကစားနိုင်ခဲ့တယ်။ ဂိုးပေးလိုက်ရပေမယ့် လက်စတာကစားပုံက တည်ငြိမ်ခဲ့သလို တဖြည်းဖြည်းနဲ့ ချယ်လ်ဆီးကွင်းလယ်ကို လွှမ်းမိုးနိုင်ခဲ့တယ်။

ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်တွေကို ထိန်းချုပ်နိုင်ခဲ့သလို အန်ဒီဒီရဲ့ ဖျက်အားကြောင့် ကွင်းလယ်ကြောမှာလည်း ချယ်လ်ဆီးကစားသမားတွေအတွက် Space မရှိခဲ့ဘူး။ ပိုဆိုးတာက ပူလီရှစ်နဲ့ မေဆင်မောင့်ဟာ Physical အရ လက်စတာကစားသမားတွေကို မကျော်နိုင်ခဲ့လို့ ချယ်လ်ဆီး တိုက်စစ် Frame တစ်ခုလုံး ပျက်ယွင်းသွားခဲ့တယ်။ ယော်ဂျင်ဟို၊ ကွန်တေတို့ဟာ တိုက်စစ်ကို လိုက်ပါဖို့ ကြိုးစားပေမယ့် အလုပ်မဖြစ်သလို သူတို့ရှေ့တက်သွားချိန်တိုင်း ချယ်လ်ဆီးကွင်းဘက်ခြမ်းမှာ Space တွေဖြစ်ပြီး လက်စတာကွင်းလယ်လူ မက်ဒီဆင် Maddison က ကောင်းကောင်းအသုံးချခဲ့တယ်။ လက်စတာအသင်းရဲ့ တိုက်စစ်လမ်းကြောင်းမှာ အသက်သွေးကြောလို့ပြောရမယ့် မက်ဒီဆင်ကို ချယ်လ်ဆီးကစားသမားတွေ Tight Marking မလုပ်ခဲ့တာကြောင့်လည်း မက်ဒီဆင် လွတ်လွတ်လပ်လပ် ကစားခွင့်ရခဲ့လို့ Killer Pass တွေကို လုပ်နိုင်ခဲ့တဲ့အတွက် နဂိုတည်းကမှ အားနည်းနေတဲ့ ချယ်လ်ဆီးခံစစ် အသည်းအသန် ကာကွယ်ခဲ့ရပါတယ်။ ဗာဒီ Vardy ၊ မက်ဒီဆင် Maddison ၊ အယိုဇေပီရက်ဇ် Ayoze Pérez တို့ (၃)ဦးတည်းနဲ့ ကစားနေတဲ့ လက်စတာတိုက်စစ်ကို ချယ်လ်ဆီးကစားသမားတွေ မထိန်းချုပ်နိုင်ခဲ့ဘူး။ ဒုတိယပိုင်းတစ်ပိုင်းလုံး အသာစီးက ကစားနေတဲ့ လက်စတာ (၆၇)မိနစ်မှာ ချေပဂိုးရခဲ့ပြီး မက်ဒီဆင်ရဲ့ ထောင့်ကန်ဘောကနေ အန်ဒီဒီက ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် သူ့အမှားကို ပြန်ချေနိုင်ခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ လမ်းပတ်က အေဘရာဟမ် Abraham ၊ ၀ီလီယံ Willian တို့ကို ထည့်ပြီး တိုက်စစ်အပြောင်းအလဲလုပ်ပေမယ့် ချယ်လ်ဆီးတိုက်စစ်က သိသိသာသာ မထူးခြားခဲ့ပါဘူး။

ဗာဒီ၊ မက်ဒီဆင်တို့ရဲ့ အခွင့်အရေးတွေသာ ဂိုးဝင်ခဲ့ရင် ချယ်လ်ဆီး ဒုက္ခရောက်မယ့်အနေအထားပါ။ ပွဲပြီးတဲ့အထိ နှစ်သင်းစလုံး ဂိုးထပ်မရခဲ့လို့ (၁)ဂိုးစီသရေနဲ့ ပွဲပြီးခဲ့ပြီး လမ်းပတ်ကတော့ ဖိအားတွေ ပိုများသွားခဲ့ပါပြီ။ ဒါ့အပြင် ၂၀၁၂-၁၃ ရာသီတုန်းက ဘင်နီတက်ဇ် Rafael Benitez နောက်ပိုင်း ချယ်လ်ဆီးနည်းပြသစ်တွေထဲမှာ လမ်းပတ်ဟာ အဖွင့်ပွဲ (၃)ပွဲဆက်အနိုင်မရခဲ့တဲ့ ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo:Chelsea FC Twitter,Opta joe
Naing Linn(Akhayar)
www.akhayar.com