ဂျူဗင်တပ်စ်အသင်းကနေ ချယ်လ်ဆီးအသင်းမှာ အငှားနဲ့လာကစားနေတဲ့ တိုက်စစ်မှူး ဟီဂွါအင် Higuain ဟာ ရာသီကုန်မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ရှိနေပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဟီဂွါအင် ရဲ့ လက်ရှိခြေစွမ်းကြောင့် စာချုပ်သက်တမ်းမတိုးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဟီဂွါအင် အနေနဲ့ အာဆင်နယ်နဲ့ ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲ အပြီးမှာတော့ ဂျူဗင်တပ်စ်အသင်းဆီကို ပြန်ရဖို့ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဟီဂွါအင် ကို မျှော်လင့်ချက်ကြီးကြီးနဲ့ ခေါ်ယူခဲ့ပေမယ့် အသင်းမှာ ဟီဂွါအင် က ထင်သလောက်ခြေစွမ်းမပြနိုင်ဘဲ လက်ရှိအချိန်ထိ သွင်းဂိုး(၅)ဂိုးသာသွင်းယူပေးထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး မိုရာတာ Morata ကို အက်သလက်တီကိုအသင်းဆီ အငှားချထားသလို တိုက်စစ်မှူး ဂျရူး Giroud ကိုလည်း စာချုပ်သစ် ချုပ်ဆိုဖို့လိုအပ်နေပြီး ဖီဖာရဲ့ အပြောင်းအရွှေ့ကာလ(၂)ခု ပိတ်ပင်တဲ့ ပြစ်ဒဏ်ကိုလည်း ခံထားရတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ဟီဂွါအင် အပေါ်ဆုံးဖြတ်ချက်ဟာ အရဲစွန့်ရာရောက်နေပါတယ်။ ဒီအနေအထားကြောင့် ချယ်လ်ဆီးအသင်းဟာ လူငယ်ကစားသမားတွေကို လာမယ့်ရာသီမှာ နေရာပေးမယ့် အခြေအနေမှာရှိနေပါတယ်။ ဟီဂွါအင် ကို ချယ်လ်ဆီးအသင်းဟာ နောက်တစ်ရာသီ အငှားနဲ့ထပ်ခေါ်ရင် ပေါင်(၁၅.၇)သန်း သုံးစွဲရမှာဖြစ်ပြီး အပြီးသတ်ခေါ်ယူချင်ရင်တော့ ပေါင်(၃၁.၆)သန်းထိ ပေးချေရမှာဖြစ်တာကြောင့် ဟီဂွါအင် လို အသက်အရွယ်ရလာပြီဖြစ်တဲ့ ကစားသမားတစ်ဦးအတွက် ငွေကြေးများများစားစားမသုံးချင်လို့ အခု ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။

Ref: Daily Mail
Photo: Evening Standard , The South African
Ko Kyue(Akhayar)
www.akhayar.com