ရီးယဲလ်အသင်းဟာ ကာလရှည်ပစ်မှတ်ထားနေတဲ့ ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက် Eden Hazard ကို ပေါင်(၁၁၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တယ်လို့ ဗြိတိန်သတင်းစာတွေက ဖော်ပြနေကြပါပြီ။ ဟာဇက်ရဲ့အပြောင်းအရွှေ့အတွက် ရီးယဲလ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတည်းက ဆွေးနွေးခဲ့ကြပြီး အခုအချိန်မှာ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ ရီးယဲလ်အသင်းဟာ ဟာဇက်အတွက် ပေါင်သန်း(၁၀၀)ကို အရင်ဆုံးပေးချေမှာဖြစ်ပြီး အောင်မြင်မှုအလိုက် နောက်ထပ်(၁၅)သန်း ပေးချေသွားမှာပါ။ ဟာဇက်အနေနဲ့ ရီးယဲလ်အသင်းမှာ တစ်ပတ်လစာပေါင်(၄)သိန်းအထိ ရရှိမှာဖြစ်ပြီး (၄)နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဟာဇက်ရဲ့ လက်ရှိစာချုပ်က လာမယ့် ၂၀၁၉-၂၀ ရာသီကုန်မှာ သက်တမ်းပြည့်မှာဖြစ်ပြီး ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျ Roman Abramovich က ဟာဇက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခံမယ့်အစား စာချုပ်မကုန်ခင် ရောင်းချဖို့ ညွှန်ကြားခဲ့တယ်လို့လည်း သိရပါတယ်။

အခုလောလောဆယ် ဟာဇက်ဟာ အာဆင်နယ်နဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲအတွက် Baku မြို့ကို ရောက်ရှိနေပြီး တကယ်လို့ ဒီသတင်းတွေသာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင် ယူရိုပါလိဂ်ဗိုလ်လုပွဲဟာ ဟာဇက်အတွက် ချယ်လ်ဆီးကစားသမားဘ၀ နောက်ဆုံးပွဲစဉ်ဖြစ်လာမှာပါ။ ဟာဇက်ရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ရီးယဲလ်ဥက္ကဌ ပီရက်ဇ် Florentino Perez က “ဟာဇက်ကို ရီးယဲလ်ကစားသမားဖြစ်လာဖို့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကျွန်တော်တို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှု ပြန်လည်ရယူဖို့ မျှော်လင့်ချက်အတွက် ကျွန်တော်တို့ စီမံကိန်းတွေချပြီးသားပါ။ ဒီနှစ်ထဲမှာ ဟာဇက်ကို ခေါ်ယူနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားပြီး ဖြစ်လာမယ်လို့လည်း ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ဟာဇက်ကို ပေါင်(၁၁၅)သန်းနဲ့ ခေါ်ယူနိုင်မယ်ဆိုရင် သူဟာ ကမ္ဘာ့ကြေးအကြီးဆုံး အပြောင်းအရွှေ့စာရင်းမှာ နေမာ Neymar (ပေါင် ၁၉၈ သန်း)၊ ဘာပေ Kylian Mbappé (ပေါင် ၁၁၆သန်း)တို့ရဲ့နောက် တတိယကြေးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်မှာပဲဖြစ်ပါတယ်။

REF:The Sun
Photo:The Sun,maanabolyo,TalkSports
Naing Linn(Akhayar)
www.akhayar.com