ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲတွေအဖြစ် ဒီနေ့(မြန်မာစံတော်ချိန် ဗုဒ္ဓဟူး မနက် ၁း၃၀)မှာ ဂျူဗင်တပ်စ်-အေဂျက်စ်၊ ဘာစီလိုနာ-မန်ယူတို့ ယှဉ်ပြိုင်ကစားကြမှာပါ။ အဲဒီပွဲတွေနဲ့ပတ်သက်ပြီး Akhayar Sports နဲ့အတူ ကူညီပါဝင်ပေးတဲ့ မြန်မာ့လက်ရွေးစင် နာမည်ကျော်ဘောလုံးသမားဟောင်း ကိုခင်မောင်ထွန်းက အခုလို သုံးသပ်ခန့်မှန်းထားပါတယ်။ ကိုခင်မောင်ထွန်းရဲ့ ရွေးချယ်မှုက ဘယ်လိုများလဲဆိုတာ ကြည့်လိုက်ရအောင် . . .

ဂျူဗင်တပ်စ် – အေဂျက်စ်

“ပြောရမယ်ဆိုရင် ပထမအကျော့မှာ ဂိုးသွင်းခွင့်သာ သေချာခဲ့မယ်ဆိုရင် အေဂျက်စ်က နိုင်သွားလောက်တဲ့အခြေအနေမျိုးရှိတယ်။ ဂျူဗီအိမ်ကွင်းမှာ ကန်တဲ့ပွဲကျရင် ဂျုဗင်တပ်စ်ကလည်း သေချာဖိဖိစီးစီးကန်မှ အဆင်ပြေမယ်။ အထင်သေးလို့တော့ မရဘူး။ ဂျူဗင်တပ်စ် ဂိုးပြတ်မယ်လို့တော့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အေဂျက်စ်ကလည်း ကြောက်ကြောက်လန့်လန့်နဲ့ ကန်မယ့်အသင်းမဟုတ်ဘူး။ သူကလည်း တကယ်ဗြင်းမှာ။ အသင်းကြီးတွေတောင် ဖြုတ်လာတာဆိုတော့။ ဘာပဲပြောပြော ဒီနေ့ပွဲမှာတော့ ဂျူဗင်တပ်စ် တော်တော်ခက်မယ်။ တကယ်လို့ နိုင်မယ်ဆိုရင်တောင်မှ (၁-၀)လောက်နဲ့ပဲ ဂျူဗင်တပ်စ်နိုင်မယ်လို့ ထင်တာပဲ။

ဘာစီလိုနာ – မန်ယူ

“ဒီပွဲကလည်း ပွဲကောင်းပါ။ ပထမအကျော့မှာ မန်ယူအသင်းရဲ့ ကစားပုံက ခန့်မှန်းထားတာထက်တောင် ပိုကောင်းတယ်။ အသင်းစိတ်ဓာတ်ပိုင်းရော၊ တွန်းတွန်းတိုက်တိုက်နဲ့ ကိုယ့်အိမ်ကွင်းမှာ နိုင်လိုစိတ်ပြင်းပြင်းနဲ့ ကစားသွားတယ်။ ဘာစီလိုနာကလည်း ပွဲကိုအကောင်းဆုံး ထိန်းချုပ်ပြီး ကစားသွားတယ်။ ဒီပွဲက ပထမအကျော့မှာ နှစ်သင်းစလုံးကောင်းခဲ့တယ်။ ပထမအကျော့မှာ ကန်သွားတဲ့ နှစ်သင်းစလုံးရဲ့ခြေစွမ်းက ဘာမှ Gap ကြီးကြီးမားမား မရှိဘူး။ တစ်ခုရှိတာက ဘာစီလိုနာ အိမ်ကွင်းမှာ ဘယ်လိုထွက်လာမလဲ။ အိမ်ကွင်းကျရင် ဘာစီလိုနာက သိတဲ့အတိုင်းပဲ။ ပထမအကျော့ကန်သွားတဲ့ပွဲဆိုရင် မက်ဆီ Messi ကိုပဲ နှစ်ယောက်၊ သုံးယောက်လောက်က ထိန်းနေရတာဖြစ်တဲ့အတွက် တခြားသူတွေအတွက်က Space တွေဖြစ်ကုန်တယ်။ ဂိုးသွင်း Chance တွေ ပိုရလာတယ်။ ဒီဟာတော့ ဆိုးလ်ရှား Ole Gunnar Solskjaer မက်ဆီကို ဘယ်လိုထိန်းချုပ်ပြီးကန်မလဲပေါ့။ ဒါတွေကတော့ ဆိုးလ်ရှားရဲ့ နည်းဗျူဟာပိုင်းပေါ့။ ပထမအကျော့မှာ မန်ယူဟာ Cross တွေနေတင်တယ်၊ အလယ်ကနေ အဆုံးသတ်နိုင်မယ့်သူ မရှိဘူး။ အဲဒီအပိုင်းမှာ လိုနေတာပေါ့။ ဒီပွဲမှာ တစ်ဦးတည်းအမြင်ကို ပြောရရင် ပထမအကျော့ကတိုင်းပဲ ဘာစီလိုနာကို သဘောကျတယ်။ ပွဲရလဒ်ကို ခန့်မှန်းရမယ်ဆိုရင်တော့ ဘာစီလိုနာ(၂-၀)၊ (၂-၁)နဲ့နိုင်မယ်လို့ ထင်ပါတယ်။

Naing Linn(Akhayar)
www.akhayar.com