Akhayar Sports ပရိသတ်ကြီးရေ .. ဒီည (မြန်မာစံတော်ချိန် ကြာသပတေး မနက် ၁း၃၀)မှာ ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းတွေအဖြစ် အေဂျက်စ်-ဂျူဗင်တပ်စ်၊ မန်ယူ-ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အဲဒီပွဲတွေအတွက် မြန်မာလက်ရွေးစင် နာမည်ကျော်ကစားသမားဟောင်း ကိုခင်မောင်ထွန်းက ဘယ်လိုရလဒ်တွေထွက်ပေါ်လာမလဲဆိုတာ သုံးသပ်ခန့်မှန်းထားပါတယ်။ ကိုခင်မောင်ထွန်း ဘယ်အသင်းတွေကို ရွေးချယ်ထားလဲဆိုတာ ကြည့်လိုက်ရအောင် . . .

အေဂျက်စ် – ဂျူဗင်တပ်စ်

“အေဂျက်စ်နဲ့ ဂျူဗင်တပ်စ်ပွဲကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ အေဂျက်စ်က Team Work လေးတော့ ကောင်းတယ်။ ဒါပေမဲ့ နာမည်ကြီး Player မရှိဘူး။ အသင်းရဲ့စည်းလုံးမှုနဲ့ သွားတယ်။ ဂျူဗင်တပ်စ်ကို ကြည့်ရင်လည်း အေဂျက်စ်နဲ့ တော်တော်ကွာတယ်။ ကစားသမားစုဖွဲ့မှုရော၊ အစဉ်အလာပိုင်းရော ကွာတာပေါ့။ ဒီပွဲမှာတော့ စီရော်နယ်လ်ဒို Cristiano Ronaldo ပါရင်တော့ ပိုကောင်းတာပေါ့။ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဂျူဗင်တပ်စ်ကိုတော့ အကြိုက်တွေ့မိတယ်။ ဂျူဗင်တပ်စ်ရဲ့ Play ကို ကြည့်ပြီးတော့ ဒီပွဲမှာ နိုင်မယ်လို့ထင်တယ်။ ဒါပေမဲ့ ဂိုးတော့ပြတ်မှာ မဟုတ်ဘူး။ (၁-၀)၊ (၂-၁)လောက်နဲ့ ဂျူဗင်တပ်စ်နိုင်သွားမယ်လို့ ထင်တယ်”

မန်ယူ – ဘာစီလိုနာ

“မန်ယူရဲ့ အခြေအနေက ပြန်ပြီး မငြိမ်တဲ့အနေအထားဖြစ်နေတယ်။ အရင်စစချင်း ဆိုးလ်ရှား Ole Gunnar Solskjaer ကိုင်တွယ်တဲ့အချိန်မှာ အသင်းက အတက်ဖက်ကို ရောက်ခဲ့တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ မန်ယူက နည်းနည်းကျရိပ်ပြလာတယ်လို့ထင်တယ်။ ဘာစီလိုနာကို ကြည့်ရင်လည်း မက်ဆီ Lionel Messi တစ်ယောက်တည်းက ဂိုးတွေတောက်လျှောက်သွင်းနေပြီး တစ်သင်းလုံးစာကို သူတစ်ယောက်တည်း ထမ်းထားသလိုဖြစ်နေတယ်။ တကယ်လို့ မန်ယူအနေနဲ့ သက်သာမယ်ဆိုရင်တော့ မက်ဆီ မပါရင် ပိုကြည့်ကောင်းမှာပေါ့။ ဒီပွဲမှာ နည်းဗျူဟာတွေလည်း စကားပြောတော့မှာလေ။ မက်ဆီကို ဘယ်လိုထိန်းချုပ်ကြမလဲပေါ့။ မရှုံးအောင် မန်ယူအနေနဲ့ ဘာတွေပြင်ဆင်မလဲဆိုတာ ကြိုတင်ပြီးတော့ အစီအစဉ်ချထားပါလိမ့်မယ်။ ဘာစီလိုနာကို အလေးပေးချင်ပြီး ရှုံးစရာအကြောင်းမရှိဘူး။ ဒါပေမဲ့ နိုင်မယ်ဆိုရင်လည်း ကပ်နိုင်ရုံလောက်ပဲထင်တယ်။ (၁-၀) ဒါမှမဟုတ် (၂-၁)လောက်နဲ့ နိုင်မယ်လို့ထင်တယ်”

Naing Linn(Akhayar)
www.akhayar.com