ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမနေ့မှာတော့ အိမ်ရှင်အသင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ စပါးအသင်းတို့ဟာ နိုင်ပွဲကိုယ်စီရယူခဲ့ပြီး အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ လာမယ့်တစ်ပတ်ကျရင် ဒုတိယအကျော့ပြန်ကစားမှာဖြစ်လို့ ပေါ်တို၊ မန်စီးတီးအသင်းတို့ အိမ်ကွင်းမှာ ဘာတွေလုပ်ပြနိုင်မလဲ စောင့်ကြည့်ရမှာပါ . . .

စပါး ၁-၀ မန်စီးတီး

ကွင်းသစ်ကြီးမှာ စပါးအသင်း ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနေပြီး ပြီးခဲ့တဲ့တစ်ပတ်က ပဲလေ့စ်၊ အခု မန်စီးတီးတို့ကို အနိုင်ရခဲ့တယ်။ ဒီပွဲမှာ စပါးအသင်းရဲ့ Defensive Play က အားရစရာကောင်းခဲ့တဲ့ မန်စီးတီးအသင်းကို လုံးဝအခွင့်အရေး မပေးခဲ့ဘူး။ ပထမပိုင်းမှာ ဒန်နီရို့စ် Danny Rose ရဲ့ လက်ထိဘောကြောင့် ပယ်နယ်တီပေးခဲ့ရတာကလွဲရင် မန်စီးတီး အပိုင်အခွင့်အရေး သိပ်မရခဲ့ဘဲ ရုန်းကန်ခဲ့ရတယ်။ မန်စီးတီး ကံဆိုးတာကလည်း အဲဒီပယ်နယ်တီကို အဂွဲရိုး Aguero ကန်သွင်းတာမှာ လိုရစ် Hugo Lloris ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး ဂိုးသာရခဲ့ရင် အခြေအနေတစ်မျိုးပြောင်းလဲသွားနိုင်တယ်။ ဂွါဒီယိုလာ Guardiola ဟာ ပုံစံကောင်းပျောက်နေတဲ့ မာရက်ဇ် Mahrez ကို စောစောစီးစီး လူစားမလဲခဲ့တာက စိတ်ပျက်စရာပါ။ စပါးအသင်းရခဲ့တဲ့ ဂိုးကတော့ Play Maker အဲရစ်ဆင် Eriksen ရဲ့ အကွက်မြင်ဖန်တီးပေးမှုကြောင့်ဖြစ်သလို ဆွန်ဟောင်မင် Son Heung-Min ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရခဲ့တာလို့လည်းပြောရမယ်။ ပွဲပြီးခါနီးမှာ ဂွါဒီယိုလာက ဒီဘရိုင်းနား De Bruyne ၊ ဆာနေး Sane တို့ကို လူစားထည့်ခဲ့ပေမယ့် အချိန်မမီတော့ပါဘူး။ စပါးအသင်းအတွက် ထိုးနှက်ချက်က အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်း Harry Kane ၊ အယ်လီ Alli တို့ ဒဏ်ရာရခဲ့တာဖြစ်ပြီး ဟယ်ရီကိန်းကတော့ ဒုတိယအကျော့ကို လွဲချော်ဖို့ များနေပါပြီ။

လီဗာပူးလ် ၂-၀ ပေါ်တို

လီဗာပူးလ်အသင်းကတော့ ဆီမီးဖိုင်နယ်တက်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပါပြီ။ ပွဲမတိုင်ခင်ကတည်းက လီဗာပူးလ်အသင်းပဲ အနိုင်ရမယ်လို့ အားလုံးကြိုတွက်ထားတဲ့အတိုင်း ပေါ်တိုအသင်းဟာ အန်ဖီးလ်မှာ ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ပေါ်တိုအသင်းရဲ့ တန်ပြန်တိုက်စစ်တွေကလည်း တစ်ချက်တစ်ချက် ခြိမ်းခြောက်နိုင်ခဲ့ပြီး ကံမကောင်းလို့သာ ချေပဂိုးတစ်ဂိုးလောက် ပြန်မရခဲ့တာပါ။ ပွဲအစ(၅)မိနစ်မှာပဲ လီဗာပူးလ်အဖွင့်ဂိုးရခဲ့ပြီး ဖေမီနို Roberto Firmino ရဲ့ ပေးပို့မှုကနေ နာဘီကီတာ Naby Keita ရဲ့ ကန်ချက်လူထိဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒုတိယဂိုးကတော့ ညာခြမ်းကနေ အာနိုးလ် Alexander-Arnold ဖြတ်ချိုးပေးလိုက်တာကို ဖေမီနိုက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

Photo: Tottenham Hotspurs Twitter,Liverpool Twitter
Naing Linn(Akhayar)