ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲတွေအဖြစ် ဂျူဗင်တပ်စ်နဲ့အေဂျက်စ်၊ ဘာစီလိုနာနဲ့မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မန်ယူအသင်းက အဝေးကွင်းမှာ (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် အေဂျက်စ်အသင်းကတော့ ဂျူဗင်တပ်စ်ကို မယုံနိုင်လောက်အောင် အနိုင်ကစားပြခဲ့ပါတယ် . . .

ဘာစီလိုနာ ၃-၀ မန်ယူ

ပထမအကျော့ အိမ်ကွင်းပွဲမှာကတည်းက ရှုံးနိမ့်ခဲ့တဲ့ မန်ယူအသင်း နူးကမ့်မှာ ဘာတွေလုပ်ပြဦးမလဲဆိုပြီး စောင့်ကြည့်ခဲ့ပေမယ့် ဂိုးပြတ်ရှုံးပွဲတစ်ပွဲနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရှုံးထွက်(၁၆)သင်းအဆင့်တုန်းက PSG နဲ့ ဒုတိယအကျော့ပွဲမှာ အံ့အားသင့်စရာကောင်းတဲ့ နိုင်ပွဲရယူခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ မန်ယူတို့ Miracle Come Back ဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ပထမပိုင်း (၁၆)မိနစ်မှာ မက်ဆီ Lionel Messi က အဖွင့်ဂိုးသွင်းယူခဲ့ပြီး (၄)မိနစ်အကြာမှာပဲ မက်ဆီရဲ့ ကန်သွင်းချက်ကို ဒီဂီယာ De Gea ပေါ့ပေါ့ဆဆ ကာကွယ်တာကနေ ဒုတိယဂိုးပေးလိုက်ရတဲ့အတွက် မန်ယူတို့ စောစောစီးစီးပဲ ကွာတားဖိုင်နယ်က ထွက်ရဖို့ သေချာသွားခဲ့တယ်။ ပထမအကျော့မှာကတည်း ဘာစီလိုနာကို တစ်ဦးချင်းမယှဉ်နိုင်ခဲ့တဲ့ မန်ယူအသင်းဟာ အခုပွဲမှာလည်း ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ဆင်တာတွေကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဘာစီလိုနာအသင်းအတွက် တတိယဂိုးကိုတော့ (၆၁)မိနစ်မှာ ကော်တင်ဟို Philippe Coutinho က သွင်းယူခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပါတယ်။

ဂျူဗင်တပ်စ် ၁-၂ အေဂျက်စ်

ရှုံးထွက်(၁၆)သင်းအဆင့်မှာ ရီးယဲလ်အသင်းကို မထင်မှတ်လောက်တဲ့ ခြေစွမ်းနဲ့ဖြုတ်ချခဲ့တဲ့ နယ်သာလန်ထိပ်သီး အေဂျက်စ်အသင်းဟာ အခုပွဲမှာလည်း မယုံနိုင်လောက်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပြန်တယ်။ အေဂျက်စ်လူငယ်ကစားသမားတွေရဲ့ ခြေစွမ်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ နိုင်လိုစိတ်ပြင်းထန်မှုတွေကို ထပ်မံပြသခဲ့တဲ့ပွဲတစ်ပွဲလို့ ပြောရမယ်။ ဂျူဗင်တပ်စ်အသင်းအတွက် အဖွင့်ဂိုးကို (၂၈)မိနစ်မှာ စီရော်နယ်လ်ဒို Cristiano Ronaldo က ခေါင်းတိုက်သွင်းယူခဲ့လို့ အေဂျက်စ်အသင်း ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ရဖို့ သေချာပြီလို့ထင်ခဲ့ပေမယ့် နောက်ပိုင်းမိနစ်တွေမှာ ချေပဂိုး၊ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးပေးလိုက်ရချိန်မှာ ကစားအား မကျသွားတဲ့ အေဂျက်စ်ကစားသမားတွေရဲ့ စိတ်ဓတ်ကို ချီးကျူးရမှာဖြစ်ပြီး အဲဒီအချက်ကြောင့်ပဲ ဂျူဗင်တပ်စ်အသင်း စိုးရိမ်စိတ်တွေဝင်ပြီး ရှုံးနိမ့်ခဲ့ရတာပါ။ အေဂျက်စ်အသင်းအတွက် ချေပဂိုးကို (၃၄)မိနစ်မှာ Van de Beek က သွင်းယူခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့ သေချာစေမယ့်ဂိုးကိုတော့ (၆၄)မိနစ်မှာ ဘာစီလိုနာကို ရောက်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ နောက်ခံလူ ဒီလိဂ် De Ligt က သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo:UEFA Champions League Facebook
Naing Linn(Akhayar)
www.akhayar.com