ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ချန်ပီယံလိဂ်ပွဲတွေကတော့ ပရိသတ်တွေရှေ့ကို ပြန်လာပါပြီ။ ဒီနေ့(အင်္ဂါ)မှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲတွေအဖြစ် လီဗာပူးလ်-ပေါ်တို ၊ စပါး-မန်စီးတီးပွဲတွေ ကစားကြမှာပါ။ ပြီးခဲ့တဲ့အဆင့်မှာ ရိုးမားကို ဖြုတ်ချခဲ့တဲ့ ပေါ်တိုအသင်း အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်ကို ဘယ်လိုရင်ဆိုင်မလဲ၊ ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းဖြစ်တဲ့ စပါးနဲ့မန်စီးတီးပွဲမှာလည်း မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ . . . .

လီဗာပူးလ် -ပေါ်တို (ဗုဒ္ဓဟူး မနက် ၁း၃၀)

အကြမ်းဖျင်းအားဖြင့် ပြောရင်တော့ ဒီပွဲမှာ အိမ်ရှင်လီဗာပူးလ်အသင်း အသာရလိမ့်မယ်လို့ အများစုက သတ်မှတ်ကြမယ်။ ဒါပေမဲ့ ပေါ်တိုအသင်းလူစာရင်းမှာ ချန်ပီယံလိဂ်အတွေ့အကြုံရင့် ကစားသမားတချို့ပါဝင်နေတာကြောင့် အထင်သေးလို့တော့ မရဘူး။ ကာဆီးလက်စ် Casillas ၊ မက်ဆီပါရဲရား Maxi Pereira၊ ပီပီ Pepe တို့လို ကစားသမားတွေအပြင် ရီးယဲလ်ကို ပြောင်းရွှေ့မယ့် နောက်ခံလူ မီလီတာအို Éder Militão စတဲ့ လူငယ်ခြေတက်လေးတွေလည်း ရှိလို့ အားရစရာပါပဲ။ လီဗာပူးလ်အသင်းကတော့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်နေပေမယ့် ပွဲဆက်တွေများနေလို့ ပွဲပန်းမှုဒဏ်ခံရဖို့ ရှိနေတယ်။ ဒါပေမဲ့ ခြေစွမ်းမြင့်ကစားသမားတွေရှိနေလို့ အခွင့်အရေးတစ်ကြိမ်ရရင် ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ အန်ဖီးလ်မှာ လီဗာပူးလ်အသင်း နိုင်ပွဲရဖို့ရှိပေမယ့် ပေါ်တိုရဲ့ ခံကန်အားကို သတိပြုရမယ်။ ၂၀၁၇-၁၈ ရာသီချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ နောက်ဆုံးတွေ့ခဲ့တော့ လီဗာပူးလ်က အဝေကွင်းမှာ (၅)ဂိုးပြတ်၊ အိမ်ကွင်းမှာ ဂိုးမရှိသရေကစားနိုင်ခဲ့တယ်။ အဖြစ်နိုင်ဆုံးပြောပါဆိုရင် လီဗာပူးလ် (၁-၀)၊ (၂-၀)ပေါ်တိုဆိုတဲ့ရလဒ်တွေကို ပိုကြိုက်မိပါတယ်။

စပါး – မန်စီးတီး (ဗုဒ္ဓဟူး မနက် ၁း၃၀)

ပြည်တွင်းပြိုင်ပွဲတွေမှာ ခဏခဏဆုံတွေ့နေပေမယ့် ချန်ပီယံလိဂ်မှာတော့ ဒီနှစ်သင်း ပထမဆုံးအကြိမ် ဆုံတွေ့တာဖြစ်ပါတယ်။ အိမ်ရှင်စပါးအသင်း ရလဒ်တွေတောက်လျှောက် ဆိုးရွားခဲ့ပြီးမှ ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ ပဲလေ့စ်ကို (၂)ဂိုးပြတ်အနိုင်ရခဲ့တယ်။ အဓိက ကစားသမားတွေ အစုံအလင်ပြန်ပါနေပြီဖြစ်လို့ စပါးအသင်းအတွက် အားတက်စရာပါပဲ။ မန်စီးတီးကတော့ ဒီရာသီ ဖလား(၄)လုံးလမ်းကြောင်းပေါ်မှာ ရှိနေပြီး ဒီထဲမှာ အခက်အခက်ဆုံးဖြစ်လာမှာက ချန်ပီယံလိဂ်လို့ သတ်မှတ်ရမှာဖြစ်တာကြောင့် မန်စီးတီး ပိုအာရုံစိုက်ဖို့ရှိနေတယ်။ ဒီနှစ်သင်းအနေအထားကို ကြည့်ရင်တော့ မန်စီးတီးအသင်းက နည်းပြပိုင်း၊ ကစားသမားပိုင်းမှာ စပါးအသင်းထက် ခေါင်းတစ်လုံးပိုမြင့်နေသလိုပဲ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမအကျော့ဆုံတွေ့ခဲ့တုန်းကလည်း မန်စီးတီးအသင်းက စပါးကို အဝေးကွင်းမှာ (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ သွင်းဂိုးနည်းမယ့်ပွဲတစ်ပွဲဖြစ်လာဖို့ ရှိနေပြီး စပါးအသင်းကို မန်စီးတီး အနိုင်ရဖို့အထိ ဖြစ်လာဖို့ မရှိတာကြောင့် (၀-၀)၊ (၁-၁)ရလဒ်တွေ ထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။

Photo:Liga-Zwei
Naing Linn(Akhayar)
www.akhayar.com